အိမ်အကူမိန်းကလေးအားညှင်းပန်းနှိပ်စက်သူကိုထောင် တစ်လနှင့်ငွေဒဏ် ကျပ် သုံးသိန်းအမိန့်ချ

ရန်ကုန်
၂၀၂၀၊ဇူလိုင်လ၊ ၃၀ ရက်

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ယုဇနဥယျာဉ်အိမ်ယာ၌ ၂၀၁၇ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့်အိမ်အကူမိန်းကလေးအားညှင်းပန်းနှိပ်စက်ခဲ့သူအားထောင် တစ်လနှင့်ငွေဒဏ်ကျပ် သုံး သိန်းအမိန့်ချမှတ်ခဲ့ကြောင်းစီရင်ချက်မှတ်တမ်းများမှသိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ယုဇနဥယျာဉ်အိမ်ယာ၊၉၄ ရပ်ကွက်၊အေ(၆)လမ်း၊တိုက်(၁၁)၊အခန်း(၄၀၂)၌အသက်(၁၃)နှစ်အရွယ်အိမ်အကူမိန်းကလေးမခိုင်
နှင်းဝေကိုအိမ်ရှင်ဖြစ်သူမမြတ်နိုးသူမှပါးစပ်ကိုအပ်ဖြင့်ထိုးခြင်း၊ရင်ဘတ်၊ကျောကုန်း၊လက်မောင်းနှင့်ပေါင်ကိုမီးပူဖြင့်ကပ်၊ရေနွေးပူဖြင့်လောင်းခြင်းဦးခေါင်းနှင့်ခြေထောက်များအားတုတ်ဖြင့်ရိုက်နှက်နှိပ်စက်ခြင်းတို့ကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အိမ်အကူမိန်းကလေးအားညှင်းပန်းနှိပ်စက်နေသည့်သတင်းရရှိမှုကြောင့် ၉၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများမှသွားရောက်ကြည့်ရှုခဲ့ရာအိမ်အကူမိန်းကလေးငယ်ခန္ဓာကိုယ်ပေါ်၌အမာရွတ်များ၊ဒဏ်ရာများနှင့်ဖူးယောင်ဒဏ်ရာများတွေ့ရှိခဲ့သဖြင့် ၂၀၁၇ ခုနှစ်၊ဇွန်လ ၄ ရက်တွင်ဒဂုံမြို့သစ်(ဆိပ်ကမ်း)ဆိပ်ကမ်းမြို့မရဲစခန်းသို့အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်းစီရင်ချက်မှတ်တမ်းများမှသိရသည်။

ညှင်းပန်းနှိပ်စက်ခံရသူအသက် ၁၃ နှစ်အရွယ်အိမ်အကူမိန်းကလေးမခိုင်နှင်းဝေအား ၂၀၁၇ ခုနှစ်၊ဇွန်လ၊ ၄ ရက်မှ ၁၆ ရက်အထိဆေးရုံ၌ဆေးကုသမှုခံယူစေပြီး၎င်းတွင်မိဘများမရှိတော့သဖြင့်လူမှုဝန်ထမ်းဦးစီးဌာနသို့သွားရောက်အပ်နှံခဲ့ကြောင်းသိရသည်။

အိမ်အကူမိန်းကလေးအားညှင်းပန်းနှိပ်စက်ခဲ့သည့်ဖြစ်စဉ်အားမှုခင်းစစ်ဆရာဝန်များမှဘဝတသက်တာလုံးရုပ်ပျက်ဆင်းပျက်ဖြစ်စေနိုင်သည့်အမာရွတ်များကျန်အောင်နှိပ်စက်မှုဟုထွက်ဆိုခဲ့သော်လည်းအိမ်အိမ်ရှင်ဖြစ်သူမမြတ်နိုးသူနှင့်၎င်း၏အမျိုးသားကိုထွန်းထွန်းတို့အားဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တရား
ရုံးမှအာမခံပေးခဲ့ပြီးနောက်အမှုအား ၂ နှစ်ကျော်စစ်ဆေးကာယခုလ ၂၁ ရက်နေ့ကအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမိန့်ချမှတ်ရာတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊တွဲဘက်တရားသူကြီး(၁)ဒေါ်ထွေးထွေးထက်မှအိမ်ရှင်ဖြစ်သူတရားခံထွန်းထွန်းအားအပြစ်မရှိကြောင်းတွေ့ရှိသဖြင့်အမှုမှအပြီးအပြတ်လွှတ်ပေးခဲ့ပြီးမခိုင်နှင်းဝေအားရာဇသတ်ကြီးပုဒ်မ ၃၂၄ အရဒဏ်ငွေ ၃ သိန်းနှင့်ရာဇသတ်ကြီးပုဒ်မ ၃၂၅ အရအလုပ်နှင့်ထောင်ဒဏ် ၁ လကျခံစေရန်နှင့်ပြစ်ဒဏ် ၂ ရပ်အားသီးခြားကျခံစေရန်အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

သတင်း – သွေးသစ်ရန်ကုန်

Add a Comment

Your email address will not be published. Required fields are marked *