fbpx

တာချီလိတ်တွင် နေအိမ်အတွင်းသိုဝှက်ထားသည့် လက်နက်များနှင့် မူးယစ်ဆေးဝါးများကို အိမ်ရှင်နှင့်အတူ ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ အာဒီးကျေးရွာတွင် ဇူလိုင် ၂၃ ရက်၊ နေ့လယ်ပိုင်းက မူးယစ် ဆေးဝါး သတင်းအရ ဝရမ်းဖြင့် သွားရောက်ရှာဖွေရာမှ နေအိမ်အတွင်းဝှက်ထားသည့် လက်နက်များနှင့် မူးယစ်ဆေးဝါးများကို အိမ်ရှင်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၃ ရက်က တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာ အုပ်စု၊ အာဒီးကျေးရွာရှိ ဦးလော်မာ၏ နေအိမ်သို့ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ အိမ် ရှင် ဦးလော်မာကို နေအိမ်တွင်တွေ့ရပြီး ၎င်း၏မြေအောက်ခန်းအတွင်း သိုဝှက်ထားသည့် ပစ္စတိုအဟောင်း တစ်လက်၊ ခြောက်လုံးပြူး သေနတ် အဟောင်း တစ်လက်၊ Made in Wa State စာတမ်းပါလက်ပစ်ဗုံး ၂ လုံး၊ တစ်လုံးထိုးပြောင်းချော သေနတ် ၂ လက်၊ တူမီးသေနတ် ၂ လက်၊ လေသေနတ် ၁ လက်၊ ပစ္စတိုကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၁၅၈ တောင့်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့အပြင် WY လိမ္မော်ရောင်စိတ်ကြွဆေးပြား ၉၆၆၀၀ ပြား၊ အလေးချိန် ၈၆၉၄ ဂရမ်ခန့်၊ ကာလတန်ဖိုး ၁၄၄၉ သိန်းကျပ် ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့် ၁၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ၁၆၀၀၀၀ ကျပ်၊ ဘိန်းစိမ်းဟု ယူဆ ရသော အမဲရောင်အစေး အလေးချိန် ၄၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ၆၀၀၀၀ ကျပ်၊ အိုက်စ်ဟုယူဆရသော အဖြူရောင် ပုံဆောင်ခဲ အလေးချိန် ၉ ဂရမ်ခန့်၊ ကာလတန်ဖိုး ၁၈၀၀၀၀ ကျပ် တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အဆိုပါ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများဖြင့် အတူ တွေ့ရှိရသူ ဦးလော်မာအား တာချီလိတ် ရဲစခန်းမှ မူးယစ်ဆေးဝါးပုဒ်မများဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း – မင်းဇော်မင်း

Add a Comment

Your email address will not be published. Required fields are marked *