တာချီလိတ်-မိုင်းဆတ် ကားလမ်းတွင် မော်တော်ယာဉ် တစ်စီး ချောက်ထဲကျ တိမ်းမှောက်သဖြင့် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ
|ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာချီလိတ်- မိုင်းဆတ် ကားလမ်း ရွှေတောင်ရွှေနီကုန်းအဆင်းတွင် ဇူလိုင်လ ၂၃ ရက်၊ ၆ နာရီခွဲခန့်က မော်တော်ယာဉ် တစ်စီး ချောက်ထဲကျ တိမ်းမှောက်ခဲ့သဖြင့် တစ် ဦးသေဆုံး၍ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ တာချီလိတ်မှ မိုင်းဆတ်မြို့သို့ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁) နေ ကိုရွှေမိုးနိုင် မောင်းနှင်ပြီး ဆေခမ်းရပ်ကွက်၊ စက်မှုဇုံနေ ကိုဖိုးကျော် လိုက်ပါ စီးနင်းလာသည့် မော်တော်ယာဉ်သည် တာချီလိတ်-မိုင်းဆတ်သွား ကားလမ်း မိုင်တိုင်အမှတ် 87+500 Km နှင့် 88 Km အကြား ရွှေတောင်ရွှေနီ ကုန်းအဆင်းတွင် အရှိန် မထိန်းနိုင်ဘဲ လမ်းဝဲဘက်ရှိ ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ကိုဖိုးကျော်မှာ အခင်းဖြစ် နေရာတွင်သေဆုံးခဲ့ရပြီး ယာဉ်မောင်းဖြစ်သူ ကိုရွှေမိုးနိုင်မှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိကာ တာချီလိတ် ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ အဆိုပါ မော်တော်ယာဉ်အား လူ သေဆုံးအောင် မဆင်မခြင် မောင်းနှင်သူ ကိုရွှေမိုးနိုင်အား တာချီလိတ် မြို့မရဲစခန်းတွင် ယာဉ်(ပ) ၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် အရေးယူထားကြောင်း သိရသည်။
သတင်း – မင်းဇော်မင်း