fbpx

ပြည်ပရောက်မြန်မာနိုင်ငံသားတွေထဲမှာ ပြန်လာဖို့စောင့်ဆိုင်းနေတဲ့သူတွေကို သည်းခံစောင့်ဆိုင်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တောင်းဆို

အခုလိုတောင်းဆိုလိုက်တာက ပြန်လာသမျှလူ အားလုံးကို စနစ်တကျမရှိဘဲ လက်ခံလိုက်ရင် ကျန်းမာရေးနဲ့ ပတ်သက်လို့ လိုအပ်တဲ့စောင့်ရှောက်မှုတွေ မပေးနိုင်မှာစိုးရိမ်တာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

“နိုင်ငံရပ်ခြားရောက်နေတဲ့ ပြည်သူတွေအမြန်ပြန်လာချင်တာ ကျွန်မတို့နားလည်ပါတယ်။ ဒါပေမယ့် စနစ်တကျ ပြင်ဆင်မှု မရှိဘဲ အများကြီး ပြုံပြီး ဝင်လာခွင့် ပေးရင် လိုအပ်တဲ့စောင့်ရှောက်မှုတွေပေးနိုင်မှာမဟုတ်ဘူး။ အားလုံးအတွက်အဆင်ပြေနိုင်ဖို့ ပြည်တွင်းကို ပျံသန်းတဲ့ လေယာဉ်အရေအတွက်ကိုလည်း ကန့်သတ်ထားတာပါ။ ပြန်လာဖို့စောင့်နေတဲ့သူတွေ သည်းခံပေးကြပါဦး”လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ရေးသားဖော်ပြခဲ့တာပါ။

ပြည်ပကနေ ပြန်လာတဲ့သူတွေထဲမှာ ရောဂါကူးစက်ခံထားရတဲ့သူတွေလည်း ပါဝင်လာနိုင်ကြောင့် စစ်ဆေးရေး အစီအစဉ်တွေတင်မက လိုအပ်ရင် ကုသရေးအတွက်ကိုပါစဉ်းစားဆောင်ရွက်ရတယ်လို့ အတိုင်ပင်ခံက ဆိုပါတယ်။ လက်ရှိအချိန်အထိ ကွာရန်တင်းစင်တာတွေမှာ စောင့်ကြည့်နေသူဦးရေက (၂၄၀၀၀)ကျော်ရှိနေပြီး တစ်နိုင်ငံလုံးက Quarantine စင်တာ (၆၀၀၀)ကျော်မှာ စောင့်ကြည့်လျှက်ရှိပါတယ်။ ပြည်ပကပြန်လာဝင်ရောက်လာသူဦးရေကတစ်နေ့ကို (၁၀၀၀)ကျော်ရှိနေတာပါ။ မေလ (၁၆)ရက်နေ့နောက်ပိုင်းကစပြီး ယနေ့ထိ ပြည်ပကပြန်လည်ဝင်ရောက်လာတဲ့သူတွေထဲကမှ ရောဂါပိုးတွေ့ရှိထားသူကလည်း ( ၁၂၇)ဦးထိရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *