ကိုဗစ်ကာလအတွင်းမှာ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေအတွက် ဥရောပသမဂ္ဂက ယူရို ၁ ဒဿမ ၄၃ သန်း ( မြန်မာငွေ ကျပ် ၂.၂ ဘီလီယံ) ထောက်ပံ့

ကိုဗစ်ကာလအတွင်းမှာ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေအတွက် ဥရောပသမဂ္ဂက ယူရို ၁ ဒဿမ ၄၃ သန်း ( မြန်မာငွေ ကျပ် ၂.၂ ဘီလီယံ) ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂရဲ့ ငွေကြေးထောက်ပံ့တဲ့အစီအစဉ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ တို့က ပူးပေါင်းအကောင်အထည်ဖော်ပေးနေပြီး အခုဇူလိုင်လအတွင်းမှာ မသန်စွမ်းသူဦးရေ (၅၀၀၀) ကျော်ကို ကျပ်သုံးသောင်းစီ ထောက်ပံ့ပေးမယ်လို့လည်း အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ကပြောပါတယ်။

“အီးယူထောက်ပံ့ငွေထဲကနေ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ပေါင်းပြီး မသန်စွမ်းသူဦးရေ ငါးထောင်ကို ကျပ်သုံးသောင်းစီပေးမယ်။ သက်ကြီးရွယ်အိုတွေကိုကျတော့ ငွေကြေးပေးတာမျိုးမဟုတ်ဘူး။ သူတို့ အတွက် လိုအပ်တဲ့ကဏ္ဍတွေမှာ ဒီထောက်ပံ့ငွေကို သုံးစွဲမယ်။ ဥပမာ- သူတို့ အတွက် စောင့်ကြည့်လူနာခန်းတွေ ဆောက်တာမျိုး၊ အဲဒီအတွက် စီမံခန့်ခွဲမှု ကုန်ကျစရိတ်တွေမှာ သုံးစွဲတာမျိုး၊ သူတို့ အတွက် သီးသန့် အသိပညာပေးတဲ့ကဏ္ဍတွေမှာ အသုံးပြုမယ်။” လို့ ဆိုပါတယ်။

အဆိုပါ ဥရောပသမဂ္ဂက ထောက်ပံ့တဲ့ငွေကြေးတွေကို ကျန်းမာရေးဝန်ထမ်း ၃၆၀၀ နဲ့ စေတနာ့ဝန်ထမ်း တွေကို PPE ဝတ်စုံတွေ ထောက်ပံ့ပေးတာ၊ လက်ဆေးဘေစင်တေံ တပ်ဆင်ပေးတာ၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေအတွက် သီးသန့်စောင့်ကြည့်လူနာဆောင်တွေ တည်ဆောက်ပေးတာ၊ ဆေးခန်းပြသဖို့ ခက်ခဲနေတဲ့ ကိုဗစ်ကာလအတွင်း သက်ကြီးရွယ်အိုတွေမှာ အဖြစ်များတဲ့ မကူးစက်ရောဂါ (နှလုံး၊ဆီးချို၊ သွေးချို) ရောဂါတွေကို ရှာဖွေစစ်ဆေးမှုတွေနဲ့ လိုအပ်ရင် ဆေးရုံဆေးခန်းတွေကို လွှဲပြောင်းပေးတဲ့ လုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ အသက် ၈၅ နှစ်အထက်အဘိုးအဘွား ၂ သိန်းကျော်ကို ပြီးခဲ့တဲ့ ဇွန်လအတွင်းက ငွေကျပ်သုံးသောင်းစီ ထောက်ပံ့ပေးခဲ့တယ်လို့လည်း လူမှုဝန်ထမ်းဦးစီးဌာနကနေသိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *