ရှမ်းပြည် တောင်ပိုင်းဒေသကို အလည်အပတ်ခရီးထွက်မယ်ဆိုရင်
|ရှမ်းပြည် တောင်ပိုင်းဒေသကို အလည်အပတ်ခရီးထွက်မယ်ဆိုရင် မိတ်ဆွေတို့အနေနဲ့ သိထားသင့်တဲ့ ခရီးသွားဒေသလေးတွေအကြောင်းကို ဗဟုသုတအနေနဲ့ နွေအိမ် စာမျက်နှာမှ တင်ပြပေးချင်ပါတယ်။
ရှမ်းပြည်နယ်ဟာ မြန်မာပြည်ရဲ့ အကြီးဆုံးပြည်နယ်ဖြစ်တာကြောင့် တောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး အကြမ်းအားဖြင့် ပြောဆိုကြပါတယ်။ ရှမ်းပြည်နယ်ရဲ့ မြို့တော်ဟာ တောင်ကြီးမြို့ ဖြစ်ပြီး တောင်ပိုင်းမှာ တည်ရှိပါတယ်။ ဒါကြောင့် မြောက်ပိုင်းအတွက် အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုတွေအတွက် ရှမ်းပြည် မြောက်ပိုင်းမှ လားရှိုးမြို့ မှာလည်း အစိုးရရုံးစိုက်ပါတယ်။ တောင်ကြီးမြို့ကနေ အရှေ့ဖက်ကို ဆက်သွားမယ်ဆိုရင်တော့ ကျိုင်းတုံ တာချီလိတ် မှ တဆင့် ထိုင်းနိုင်ငံရဲ့ နယ်စပ်မြို့ မယ်ဆိုင်ကို ရောက်မှာဖြစ်ပြီး လားရှိုးမြို့ကနေ အရှေ့ဖက်ကို ခရီးဆက်မယ် ဆိုရင်တော့ တရုပ်နိုင်ငံရဲ့ နယ်စပ်မြို့ မူဆယ်ကို ရောက်မှာ ဖြစ်ပါတယ်။
ကဲ ရှမ်းပြည်တောင်ပိုင်းကို ဘယ်လို လည်ပတ်ကြမလဲဆိုတာ ပြောကြရအောင်။
ရှမ်းပြည် တောင်ပိုင်းဒေသကို အလည်အပတ်လာဖို့အတွက် လေကြောင်းခရီးကို ရွေးချယ်မယ်ဆိုရင်တော့ သင်ဟာ ဟဲဟိုးမြို့ကို အရင် ရောက်ရှိမှာ ဖြစ်ပါတယ်။ ဟဲဟိုးမြို့လေးကနေ သင်တည်းခိုလိုတဲ့ မြို့ဆီကို ကားနဲ့ ခရီးဆက်ရပါမယ်။
သက်တောင့်သက်သာရှိပေမယ် ကုန်ကျစရိတ်များတဲ့ လေကြောင်းခရီးစဉ်ကို မရွေးချယ်ပဲ ကားနဲ့ပဲ ခရီးသွားမယ်ဆိုရင်တော့ မိတ်ဆွေတို့ စတင်ထွက်ခွာလာမယ့် မြို့ (ရန်ကုန်၊ မနလေး) အပေါ် မူတည်ပြီး ခရီးလမ်းမှာ ကြာချိန် ကွာခြားပါလိမ့်မယ်။ ကားလမ်းခရီးနဲ့ ရှမ်းပြည်တောင်ပိုင်းကိုလာခဲ့ရင် ရန်ကုန် – တောင်ကြီး Express တွေရဲ့ ကားမောင်းချိန်ဟာ ၁၂ နာရီဝန်းကျင်မှာ ရှိပြီး မနလေး – တောင်ကြီး ကတော့ ၈ နာရီ ဝန်းကျင်ရှိပါတယ်။ ကိုယ်ပိုင်ကားလေးတွေရဲ့ မောင်းချိန်ဟာလည်း ဘတ်စ်ကားကြီးတွေ မောင်းချိန်ထက် နာရီအများကြီး မလျော့ပါဘူး။ ရန်ကုန်နဲ့ မနလေးကနေ တောင်ကြီးကို ထွက်တဲ့ Express တွေကတော့ ညပိုင်းအပြင် မနက်ပိုင်း ရှစ်နာရီ ကိုးနာရီမှာ ထွက်တဲ့ ကားတွေ ရှိပါတယ်။ မနက်ပိုင်းထွက်တဲ့ ကားတွေကိုစီးဖို့ မိတ်ဆွေတို့မှာ အချိန်ရခဲ့ရင်တော့ ရှမ်းပြည်တောင်ပိုင်းရဲ့ လမ်းမကြီးတလျောက်က ညနေ ရှုခင်းတွေကို မြင်ခွင့်ရပြီပေါ့။
ကိုယ့်ကားနဲ့ ကိုယ် လာကြမယ့် မိတ်ဆွေတွေအတွက်ကတော့ တည်းခိုမယ့် မြို့ပေါ် မူတည်ပြီး အိမ်ကနေ စထွက်မယ့် အချိန်ကို ဆုံးဖြတ်နိုင်ပါတယ်။ ရန်ကုန် – ကလော ကားမောင်းချိန်ဟာ ၉ နာရီကနေ ၁၀ နာရီ ဝန်းကျင် ဖြစ်ပြီး မနလေး – ကလော ကတော့ ၅ နာရီခွဲကနေ ၆ နာရီကြာပါတယ်။ ကလောမြို့လေးဟာ ဗြိတိသျှ အစိုးရရဲ့ နွေစခန်းမြို့ ဖြစ်ခဲ့ပြီး ရှမ်းပြည်တောင်ပိုင်းရဲ့ မုဒ်ဦး ဖြစ်ပါတယ်။ ကလောကနေ တောင်ကြီး ဒါမှမဟုတ် အင်းလေးကန် အစပ်က ညောင်ရွှေမြို့ဆီ ကားမောင်းချိန်ကတော့ တစ်နာရီခွဲမှ နှစ်နာရီ ဝန်းကျန်ဖြစ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်းကို နေ့ တစ်ဝက်အတွင်း အရောက်လာနိုင်ခဲ့ပြီဆိုပြီး ကျေနပ်မနေပါနဲ့ဦး မိတ်ဆွေတို့။ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ခရီးသွားစရာ အထင်ကရ နေရာတွေကို စုံစေ့အောင်ရောက်ဖို့ အနည်းဆုံး အချိန် ၂ ရက် ပေးရပါဦးမယ်။ ဒါ့ကြောင့် မိတ်ဆွေတို့ ပေးနိုင်တဲ့ အချိန်အတွင်းမှာ ရှမ်းပြည်တောင်ပိုင်းက ဘယ်ဒေသတွေကို ဦးစားပေး လည်ပတ်မလဲလို့ ကြိုတင် စီစဉ်နိုင်အောင် ဒီ ပိုစ့်လေးကို ဆက်ဖတ်ပြီး တင်ပေးထားတဲ့ မြေပုံလေးကို လေ့လာရင်း ခရီးစဉ် ဆွဲပေါ့ဗျာ။ ဒါမှ Planning make perfect ဆိုတဲ့ သိုးဆောင်း စကားပုံလေးအတိုင်း ကျင့်သုံးပြီး အစီအစဉ် သေခြာဆွဲခဲ့နိုင်ရင်တော့ အပန်းဖြေခရီးလေးမှာ အစစအရာရာ အဆင်ပြေတာပေါ့။
ကေလာ