အိန္ဒိယမှာ မိုးကြိုးပစ်လို့ လူပေါင်း ၁၀၀ ကျော်သေဆုံး
|အိန္ဒိယနိုင်ငံမြောက်ပိုင်း ပြည်နယ်နှစ်ခုမှာ မိုးကြိုးအကြိမ်ရေ ဆယ်ဂဏန်းတချို့ပစ်ခဲ့လို့ အခုရက်ပိုင်းအတွင်းမှာ လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
ဘီဟာပြည်နယ်မှာ သေဆုံးသူ ၈၃ ယောက် ရှိပြီး ဆေးရုံတင်ထားရသူ ၂၀ ရှိတယ်လို့ ပြည်နယ်ရဲ့ ကပ်ဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ကဆိုပါတယ်။
အနီးနားက အူတာ ပရာဒက်ရှ်ပြည်နယ်မှာတော့ မိုးကြိုးပစ်ခံရပြီး အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပါတယ်။
မုတ်သုန်မိုးသည်းထန်စွာရွာသွန်းတဲ့ ကာလတွေ အတွင်း မိုးကြိုးပစ်တာဟာ အိန္ဒိယမှာ ဖြစ်ရိုးဖြစ်စဥ်ပါ။
မိုးရာသီကာလမှာ မိုးနဲ့မိုးကြိုးကြောင့် သစ်ပင်တွေ၊ အိုးအိမ်တွေ အများအပြား ပျက်စီးတတ်ပါတယ်။
ရာသီဥတုပိုဆိုးလာဖွယ်ရှိတယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားလို့ လူတွေ သတိဝီရိယရှိကြဖို့၊ အိမ်ထဲမှာပဲနေကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ စေလွှတ်ထားတယ်လို့ ဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဆိုပြီး ကွယ်လွန်သူမိသားစုတွေအတွက် ဝမ်းနည်းကြောင်းပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်,EPA
အခုနှစ်ပိုင်းတွေ အတွင်း မှတ်တမ်းတင်ထားတဲ့ မိုးကြိုးပစ်မှုတွေအနက် အခုဖြစ်စဥ်ဟာ အများဆုံးမိုးကြိုးပစ်မှုဖြစ်စဥ်တခုလို့ ဘီဟာပြည်နယ် ကပ်ဘေးစီမံခန့်ခွဲမှုဝန်ကြီး လက်ရှ်မီးရှဝါရိုင်းက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
မိုးကြိုးကြောင့်သေဆုံးသူ ထက်ဝက်ကျော်ဟာ ပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းခရိုင်တွေမှာ ဖြစ်ခဲ့တဲ့ မိုးကြိုးပစ်မှုတွေကြောင့်လို့လည်း သူက ဆိုပါတယ်။
အူတာ ပရာဒက်ရှ်ပြည်နယ်ထဲမှာတော့ နီပေါနယ်စပ်နားက ဒီအိုရီးယားခရိုင်နဲ့ မြင့်မြတ်တဲ့မြို့တော် ပရာယာဂရပ်ဂ်ျတို့မှာ အများဆုံးသေဆုံးခဲ့ကြတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
၂၀၁၈ ခုနှစ်မှာ မိုးကြိုးကြောင့် အိန္ဒိယမှာ သေဆုံးသူ အရေအတွက် ၂၃၀၀ အထိရှိခဲ့တယ်လို့ ရာဇဝတ်မှုမှတ်တမ်းဗျူရိုရဲ့ စာရင်းဇယားမှာ ဖော်ပြထားပါတယ်။
၂၀၀၅ ခုနှစ်ကနေ နောက်ပိုင်းမှာ မိုးကြိုးကြောင့်သေဆုံးသူ အရေအတွက်ဟာ နှစ်စဥ်နှစ်တိုင်း အနည်းဆုံး၂၀၀၀ ကျော်ရှိတယ်လို့လည်း ဆိုပါတယ်။
အများအပြားသေဆုံးရခြင်း အကြောင်းရင်းတွေအနက် တခုက အိန္ဒိယဟာ ကမ္ဘာ့တခြား နေရာတွေနဲ့ နှိုင်းယှဥ်ရင် လူအများအပြားဟာ အိမ့်အပြင်မှာ အလုပ်လုပ်ကြတဲ့ အလေ့အထပိုရှိတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ ကွင်းပြင်မှာ ရှိတဲ့လူတွေဟာ မိုးကြိုးပစ်ခံရဖို့ အကြောင်းပိုများပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ် အန်ဒရာပရာဒက်ရှ်မှာ ၂၀၁၈ ခုနှစ် အတွင်းက ၁၃ နာရီအတွင်းမှာ မိုးကြိုးပစ်တဲ့အကြိမ်ရေပေါင်း ၃၆၇၄၉ ကြိမ်ရှိခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။
သတင်း – BBC Burmese