သီပေါမြို့မှာ နေအိမ်ပုခက်အတွင်း အိပ်ပျော်နေတဲ့ တစ်လသားအရွယ်ကလေးငယ်တစ်ဦး ခွေးကိုက်ခံရ

တောင်ကြီး၊ ဇွန် ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ နမ့်ဖုန်းနွဲ့ကျေးရွာရှိ နေအိမ်ပုခက်အတွင်း အိပ်ပျော်နေတဲ့ တစ်လသားအရွယ် ကလေးငယ်တစ်ဦး ဇွန်လ၂၃ရက်က ခွေးကိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း မေတ္တာတံခွန်သွေးနှင့် လူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

နမ့်ဖုန်းနွဲ့ကျေးရွာရှိ နေအိမ်ပုခက်အတွင်းမှာ မိခင်ဖြစ်သူအဝတ်ထွက်လှန်းနေစဉ် ခွေးတစ်ကောင် အိမ်ထဲသို့ဝင်ပြီး ပုခက်အတွင်းမှာ အိပ်ပျော်နေတဲ့ တစ်လသားအရွယ်ကလေးငယ်ကို ကိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ကရွာကဆိုတော့အဆင်လည်းသိပ်မပြေကြဘူး။ အဲဒါကြောင့် မေတ္တာတံခွန်အသင်းကအသင်းက တတ်နိုင်သလောက်ထောက်ပံ့ပေးတယ်။ အခုလည်း အသင်းကားနဲ့ ညတွင်းချင်းပို့ပေးပြီး မန္တလေးဆေးရုံကုတင် ၅၅၀ ကလေးဆေးရုံခွဲစိတ်ဆောင် ၂မှာ လိုအပ်တာတွေဖြည့်ဆည်းပြီး ထားခဲ့ပေးတယ်”လို့ မေတ္တာတံခွန်သွေးနှင့် လူမှုကူညီရေးအသင်းမှ စိုင်းလင်းသန့်က ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

အဲဒီလိုခွေးကိုက်ခံရမှုကြောင့် ကလေးငယ်မှာ ပါးပေါက်ပြဲဒဏ်ရာ၊ မျက်လုံးထိခိုက်ဒဏ်ရာတို့ ရရှိခဲ့ပြီး ကလေးကို သီပေါဆေးရုံမှ တစ်ဆင့် မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ဆေးကုသမှုခံယူလျက်ရှိတယ်လို့လည်း သိရပါတယ်။

သတင်း-နန်းမေရာစု(ရွှေတြိဂံ)

Add a Comment

Your email address will not be published. Required fields are marked *