၁၈ နှစ်မပြည့်သေးသူများကို စစ်သားအဖြစ် စုဆောင်းခဲ့သည့် အရာရှိ/ စစ်သည် ၆၅ ဦးကို အရေးယူ

အသက် ၁၈ နှစ်မပြည့်သေးသည့် စစ်သည်များအား စုဆောင်းမှု နည်းလမ်းမမှန်ကန်ဘဲ မှားယွင်းစုဆောင်းခဲ့သည့် အရာရှိ ၂၈ ဦးနှင့် စစ်သည် ၃၇ ဦး စုစုပေါင်း ၆၅ ဦးကို စစ်စည်းကမ်းဖြင့် အရေးယူခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောသည်။

‘လက်ရှိ အချိန်အထိဆိုရင်တော့ စုစုပေါင်း ၆၅ ဦးကို စစ်စည်းကမ်းအရ အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်”ဟု နေပြည်တော်တွင် ဇွန်၂၂ရက်နေ့က ကျင်းပခဲ့သော ကာကွယ်ရေးဝန်ကြီးဌာန၏ စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်ချက်များနှ င့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားသည်။ သို့သော်လည်း မည်သည့်အဆင့်ရှိသည့် အရာရှိများကို အရေးယူခဲ့သည်ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ အရေးယူခံရသည့်အရာရှိများထဲတွင် ဗိုလ်ကြီးအဆင့်က အများဆုံး ပါဝင်သည်ဟုဆိုသည်။ ”အမျာအားဖြင့်တော့ ဗိုလ်ကြီးနဲ့ အောက်တွေ များပါတယ်။ ဗိုလ်မှူးအဆင့် တွေတော့ ပါရင်တောင်မှ တော်တော်နည်းမယ်”ဟု ၎င်းက မြန်မာတိုင်းမ်သို့ဖြေကြားခဲ့သည်။ အထက်ပါ အရာရှိ/စစ် သည် ၆၅ ဦးကိုအရေးယူထားခြင်းသည် ယခုအစိုးရသက်တမ်းအတွင်း အရေးယူခဲ့သည့် အရေအတွက်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် စတုတ္ထတစ်နှစ်တာအတွင်း အသက် ၁၈ နှစ်မပြည့်သေးဘဲ မှားယွင်းစုဆောင်းခံရသည့်စစ်သည်၂၆၂ဦးကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးခဲ့ကြောင်းလည်း ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောသည်။ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးကို အရှိန်အဟုန်မြှင့်စတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၂ခုနှစ်မှ ယ နေ့အချိန်အထိ မှားယွင်းစုဆောင်းခံရသည့် စစ်သည်စုစုပေါင်း ၁၀၀၆ ဦးအထိရှိခဲ့ပြီး ၎င်းတို့ကို မိဘအုပ်ထိန်းသူများထံ ပြန်လည် အပ်နှံခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် အရွယ်မရောက်သေးသူ ကလေးသူငယ်များကို စစ်မှုထမ်းခြင်းမှကာကွယ်တားဆီးရေးကို အရှိန်အဟုန်မြှင့်တင်သည့်အနေဖြင့် ၂၀၁၂ခုနှစ်ကတည်းက UN CTFMRနှင့် Plan of Action စာချုပ်ချုပ်ဆိုကာ ဆောင်ရွက်ခဲ့သည်။ အဆိုပါ အဖွဲ့အစည်းနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့်လည်း ယခုလ ၉ ရက်နေ့တွင် မြန်မာ့တပ်မတော်ကို ကလေးစစ်သားအသုံးပြုသည့် စာရင်းမှ ပယ်ဖျက်ခဲ့သည်။

သတင်း – ထူးသန့်(MMTIMES)

Add a Comment

Your email address will not be published. Required fields are marked *