သမီးအရင်းကို တရုတ်အမျိုးသားထံရောင်းစားခဲ့သူဆိုတဲ့ မိခင်နဲ့ပထွေးကိုအမှုဖွင့်စစ်ဆေး
|ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံဘက်မှာ ပြစ်ဒဏ်ကျခံပြီးသူတွေကို မြန်မာနိုင်ငံဘက် ပြန်လည် လွှဲပြောင်းပေးခဲ့သူတွေထဲမှာ မိခင်ဖြစ်သူက တရုတ်အမျိုးသားထံ ရောင်းစားတာကိုခံခဲ့ရတယ်လို့ ကာယကံရှင်ရဲ့တိုင်တန်းမှုကြောင့် ကျောက်မဲမြို့မရဲစခန်းမှာ မိခင်အပါ ၃ဦးကိုအမှုဖွင့်ခဲ့ပါတယ်။
လူကုန်ကူးခံရသူအမျိုးသမီးငယ်ဟာ ကျောက်မဲမြို့နယ် အမှတ် ၈ ရပ်ကွက်မှာနေထိုင်သူတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၂နှစ်က မိခင်နဲ့ပထွေးဖြစ်သူက တရုတ်အမျိုးသားတစ်ဦးထံရောင်းစားခဲ့ တဲ့အတွက် တရုတ်နိုင်ငံကိုရောက်ခဲ့ရတယ်လို့ အမျိုးသမီးငယ်ကရဲတပ်ဖွဲ့ကိုတိုင်တန်းခဲ့ပါတယ်။
‘ ‘ သူ့အဖေနေမကောင်းလို့ လားရှိုးကိုသွားမယ်ဆိုပြီးခေါ်သွားရာကနေ တရုတ်အမျိုးသားကိုရောင်းလိုက် တာလို့ထွက်ဆိုထားတယ်။ အမေ၊ ပထွေးနဲ့ ကြားက ပွဲစားအမျိုးသမီးကို လူကုန်ကူးမှုပုဒ်မနဲ့အမှုဖွင့်ထားတယ်။ ထိန်းသိမ်းထားပါပြီ။ တိုင်တန်းချက်အရ အခုစုံစမ်းစစ်ဆေးနေဆဲပါ။”လို့ ကျောက်မဲမြို့မ စခန်းက ဒုရဲအုပ်ရဲမြင့်အောင်က ပြောပြပါတယ်။
သူအသက် ၁၄နှစ်ကျော်အရွယ်ကတည်းက တရုတ်အမျိုးသားထံဇနီးမယားအဖြစ်ရောင်းစားခံခဲ့ရတာဖြစ်ပြီး တရုတ်အမျိုးသားကိုမပေါင်းသင်းလိုတဲ့အတွက် တရုတ်ရဲတပ်ဖွဲ့ကို အကြောင်းကြားတိုင်ကြားရာမှာ ထောင်ဒဏ် ၇လကျခံခဲ့ရတယ်လို့လည်းဆိုပါတယ်။
ထောင်ဒဏ် ၇လပြစ်ဒဏ်စေ့သွားတဲ့အတွက် တရုတ်နိုင်ငံဘက်ကနေ မြန်မာကို လွှဲပြောင်းပေးရာက မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
‘ ‘ သူကတော့ လူကုန်ကူးခံရလို့ အကြောင်းကြားလွှဲပေးတာမျိုးတော့မဟုတ်ဘူး။ တရုတ်မှာပြစ်ဒဏ်စေ့လို့ ပြန်လွှဲပေးတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့အတူ ကိုဗစ်စောင့်ကြည့်ရေးစခန်းကို ရောက်လာတာ။ ဒီမှာကတချို့ က လူကုန်ကူးခံရတဲ့ဖြစ်စဉ်ကိုထုတ်မပြောကြပဲ နေရပ်ရောက်မှာပြောလို့ အမှုဖွင့်ရတာတွေလည်း ရှိတယ်”လို့ တရုတ်မြန်မာနယ်စပ်မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံးက ရဲအုပ်အောင်မျိုးထွဋ်က ဘီဘီစီကိုပြောပါတယ်။
ဒီအမှုကို ကျောက်မဲမြို့လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့ကနေ တရားလိုလုပ်အမှုဖွင့်ခဲ့တာဖြစ်ပြီး လူကုန်ကူးခံရသူအမျိုးသမီးငယ်ဟာ လက်ရှိမှာ ကျောက်မဲမြို့ရှိ ကိုဗစ်-၁၉စောင့်ကြည့်ရေး စင်တာတစ်ခုမှာ စောင့်ကြည့်မှုခံယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကနေ လူကုန်ကူးခံရတဲ့ထဲမှာ တရုတ်နိုင်ငံကို အများဆုံး လူကုန်ကူးခံရတာဖြစ်ပြီး အများစုမှာ ဇနီးမယားအဖြစ်ရောင်းချခံရတာဖြစ်တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ထား တဲ့အချက်အလက်တွေအရ သိရပါတယ်။
သတင်း – BBC Burmese