ဗိုလ်ချုပ်ပုံနဲ့ ငါးရာကျပ်တန် လာမယ့် အာဇာနည်နေ့မှာ ထုတ်ဝေမယ်

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ငါးရာကျပ်တန် ငွေစက္ကူကို လာမယ့် ဇူလိုင် ၁၉ အာဇာနည်နေ့မှာ စတင်ထုတ်ဝေမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ သုံးစွဲနေတဲ့ ငွေစက္ကူတွေကို ဗိုလ်ချုပ်ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေဖို့ စီစဉ်နေတဲ့အကြောင်းပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရ လေးနှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ဗဟိုဘဏ်ကပြောပြီးတဲ့နောက် အခုလို ငါးရာကျပ်တန်ကို ဗိုလ်ချုပ်ပုံနဲ့ ထုတ်ဝေမယ့် အကြောင်း. ထုတ်ပြန်လာတာပါ။

ဒီမတိုင်ခင် ဒီနှစ်ဆန်းပိုင်းကတော့တစ်ထောင်တန်ကို ဗိုလ်ချုပ်ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေခဲ့ပါသေးတယ်။

ငါးရာကျပ်တန်ကို ဗိုလ်ချုပ်ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေရာမှာ လက်ရှိသုံးစွဲနေတဲ့ ငါးရာကျပ်တန်တွေဟာလည်း တရားဝင်အဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့ ဗဟိုဘဏ်က ဆိုထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ငွေစက္ကူအမျိုးအစားမှာ အလျား ၁၅၀ မီလီမီတာ အနံ ၇၀ မီလီမီတာရှိပြီး အဲ့ဒီငွေစက္ကူဟာ ပေါ်လွင်တဲ့နီညိုရောင်ရှိပြီး အပေါ်ဘက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာတန်းရိုက်နှိပ်ထားတာပါ။

ငွေစက္ကူရဲ့လက်ဝဲဘက်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိပြီး လုံခြုံရေးကြိုးကို ဒေါက်လိုက်မြုပ်နှံထားကာ ငွေစက္ကူရဲ့ဘယ်ညာအစွန်းမှာ ဖောင်းကြွလိုင်းတိုတွေ ရိုက်နှိပ်ထားတယ်လို့သိရပါတယ်။

လက်ရှိသုံးစွဲနေသည့် ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ထုတ်ဝေသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက‌ပြောထားသည်။ ဇွန်လ ၁၅ ရက်‌နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တစ်ထောင်တန်တွင်သာ ဗိုလ်ချုပ်ပုံရိုက်နှိပ်ထားပြီး ကျန်ရှိသည့် ငါးထောင်တန်၊ တစ်သောင်းတန်များတွင်ပါ ဆက်လက်ရိုက်နှိပ်သွားမည်ဟု ဗဟိုဘဏ်ကဆိုသည်။ ဗဟိုဘဏ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူသစ်များကို လွတ်လပ်ရေးနေ့ အမှတ်တရအဖြစ် ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဂုဏ်ပြုထုတ်ဝေခဲ့သည်။

အနှစ် ၃၀ အတွင်း မြန်မာငွေစက္ကူများပေါ်တွင် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့သည့် အာဇာနည်ခေါင်းဆောင်တဦး၏ ရုပ်ပုံကို ပထမဆုံး ပြန်ပြီး မြင်ရခြင်းဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *