ရွှေကုက္ကိုစီမံကိန်း လောင်းကစားရုံများကို ကွင်းဆင်းမစစ်ဆေးနိုင်သေးဟုဆို

အစိုးရအုပ်ချုပ်မှုသက်ရောက်သော မည်သည့်နေရာတွင်မှ ကာစီနိုလောင်းကစားလုပ်ငန်းများကို ခွင့်ပြုမထားဟု ပြည်ထောင်စုအစိုးရအဖွဲ့က ဆိုသည်။

တရားဝင်ခွင့်ပြုမထားသည့် ကာစီနိုလောင်းကစားရုံများ ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ ရွှေကုက္ကိုစီမံကိန်းနေရာအတွင်း လုပ်ကိုင်နေခြင်း ရှိမရှိ စုံစမ်းစစ်ဆေးရန် ခုံရုံးဖွဲ့ထားသည်မှာ သုံးလကျော် ရှိပြီဖြစ်သော်လည်း ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် ကွင်းဆင်း မစစ်ဆေးနိုင်သေးကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ဇွန် ၁၅ တွင် ပြုလုပ်ခဲ့သည့် လေးနှစ်တာကာလ အစိုးရ၏ လုပ်ဆောင်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ရွှေကုက္ကိုစီမံကိန်းအတွင်းရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် ပတ်သက်သည့်  မေးမြန်းမှုကို ဒုတိယဝန်ကြီး ဦးတင်မြင့်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒီရွှေကုက္ကိုနဲ့ပတ်သက်ရင်လည်း ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးခုံရုံးတွေ ဖွဲ့ထားပါတယ်။ ကျွန်တော့်ကို ဥက္ကဋ္ဌပေးပြီး ဖွဲ့ထားပေမယ့် မသွားနိုင်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုဗစ်နိုင်တင်းကိစ္စဖြစ်လို့” ဟု ၎င်းက ပြောသည်။

နိုင်ငံခြားသားများသာ ဝင်ရောက်ကစားနိုင်မည့် ကာစီနိုများဖွင့်လှစ်ခွင့် ပါဝင်သည့် လောင်းကစားဥပဒေကို ၂၀၁၉ တွင် အတည်ပြုခဲ့သော်လည်း လက်ရှိအထိ ရွှေကုက္ကိုမြို့သစ်စီမံကိန်းနေရာ အပါအဝင် အစိုးရလက်လှမ်းမီသော အုပ်ချုပ်ရေးနေရာများ၌ အွန်လိုင်းလောင်းကစားနှင့် ကာစီနိုရုံများ ခွင့်မပြုထားကြောင်းလည်း ဒုဝန်ကြီး ဦးတင်မြင့်က ပြောသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့က ကွင်းဆင်းစစ်ဆေးနိုင်ခြင်း မရှိသေးသော်လည်း ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများကို စစ်ဆေးရန် ညွှန်ကြားထားသည်ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့က ရွှေကုက္ကိုစီမံကိန်းနှင့် ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးမည့်အဖွဲ့ကို မတ်လမတိုင်ခင်က ဖွဲ့စည်းထားသည်ဟုသာ သိရပြီး “ခုံရုံး” အဆင့်စစ်ဆေးမှု ဟုတ် မဟုတ် အတိအကျ မသိရှိထားကြောင်း မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

မြို့ရွာပြင်ဆင်ဖွဲ့စည်းရေး၊ မြေယာအသုံးပြုခွင့်နှင့် အဆောက်အအုံ ဆောက်လုပ်ခွင့်၊ သတင်းရရှိမှုအရ စိစစ်ခြင်း ဟူ၍ အပိုင်းသုံးပိုင်းဖြင့် ပုံမှန်စစ်ဆေးမှုများ ရှိကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိအချိန်ထိ ရွှေကုက္ကိုစီမံကိန်းအတွင်း လေးကြိမ်ခန့် သွားရောက်စစ်ဆေးခဲ့ပြီး ကာစီနိုလောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသည့် အရိပ်အယောင်မတွေ့ရသေးကြောင်း ဦးတေဇာအောင်က ပြောသည်။

ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိသည့် မတ်လနှောင်းပိုင်းကာလ မတိုင်ခင်က အင်တာနက်မှတဆင့် ချိတ်ဆက်လုပ်ဆောင်နေသည့် လုပ်ငန်းတစ်ခုကို ဖမ်းဆီးခဲ့ပြီး လောင်းကစားလုပ်ငန်းဖြစ်ကြောင်း တိတိကျကျ စစ်ဆေးပေါ်ပေါက်ခြင်း မရှိသော်လည်း ဆက်စပ်ပစ္စည်းများမှာ အကောက်ခွန်မဲ့ဖြစ်သည့်အတွက် အရေးယူခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

စုံစမ်းစစ်ဆေးရေးခုံရုံးနှင့် ပတ်သက်ပြီး သေသေချာချာ မသိရသေးသော်လည်း အကောင်အထည်ဖော်ဆောင်ဆဲ ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့် အစိုးရတာဝန်ရှိသူများ ပုံမှန်စစ်ဆေးလေ့ရှိကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။

လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်တန့်ထားပြီး ကာစီနိုလုပ်ကိုင်ခွင့်အတွက် အစိုးရထံမှ တရားဝင်ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသည်ဟုလည်း ၎င်းက ဆိုသည်။ “မပြီးပြတ်သေးတာတွေ ပြီးပြတ်ဖို့၊ မူနဲ့ဘောင်နဲ့ တရားဝင် MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့်) သွားဖို့ အဲဒါပြောတာပဲ။ ကျွန်တော်တို့က စောင့်နေတာ။ ဒီရောဂါဖြစ်လာတော့ ဒီတိုင်းပဲ ပိတ်ထားတာပေါ့” ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် တပ်မတော်က ရွှေကုက္ကိုမြို့သစ်စီမံကိန်းအတွင်း ကွန်ပျူတာ အလုံး ၅၀၀ ခန့်အတူ အွန်လိုင်း လောင်းကစားလုပ်ငန်းတစ်ခုကို ၂၀၂၀ ဖေဖော်ဝါရီလအတွင်းက လာရောက် ဖမ်းဆီးသိမ်းဆည်းသွားခဲ့ကြောင်းလည်း ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။

မြေဧက ၃၀,၀၀၀ ပေါ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံခန့် အကုန်အကျခံ တည်ဆောက်မည့် ရွှေကုက္ကိုမြို့သစ် စီမံကိန်းသည် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ရာထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်း (Yatai International Holdings Group) နှင့် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်က ထူထောင်ထားသော ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေသည့် နိုင်ငံတကာအဆင့်မီ မြို့သစ်စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

လုပ်ခွင့်ရ Myanmar Yatai International Holding Group သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ၂၀၁၇ ဖေဖော်ဝါရီက လုပ်ငန်းမှတ်ပုံတင်ထားပြီး ရှယ်ယာပိုင်ဆိုင်မှုအနေဖြင့် ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစုက ၈၀ ရာခိုင်နှုန်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း ဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်တွင် အခြေစိုက်ကာ ဟောင်ကောင်၌ လုပ်ငန်းမှတ်ပုံတင်ထားသည့် ရထိုက်နိုင်ငံတကာ ဦးပိုင်လုပ်ငန်းစုကို ဦးဆောင်နေသူများမှာ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံသားများအဖြစ် ခံယူထားသည့် တရုတ်လူမျိုးများဖြစ်သည်။

စီမံကိန်းနှင့်ပတ်သက်သည့် ကြော်ငြာ၊ စာစောင်၊ ပစ္စည်းများအရ အွန်လိုင်းလောင်းကစားလုပ်ငန်းသည် စီမံကိန်း၏ အဓိကအစိတ်အပိုင်းဖြစ်လာမည်ဟု သိနိုင်ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ၏ ၂၀၂၀ မတ်လထုတ် “တို့မြေများကို လောင်းကစားပစ်ခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြို့သစ်စီမံကိန်းအမည်ခံကာ လောင်းကစားမြို့တော်မကာအိုစတိုင် ကာစီနိုမြို့တော်တစ်ခု တည်ဆောက်နေသည်ဟုလည်း ယင်းအစီရင်ခံစာက ဆိုထားသည်။

သတင်း – စန္ဒာဉာဏ်(Myanmar Now)

Add a Comment

Your email address will not be published. Required fields are marked *