ဈေးသက်သာပြီး ပေါ‌‌ပေါများများ ရရှိနိုင်တဲ့ စတီးရွိုက် (Steroid) ဆေးတစ်မျိုးက အပြင်းအထန် နာမကျန်းဖြစ်နေတဲ့ COVID-19 လူနာတွေကို အသက်ကယ်ရန် ကူညီနိုင်ကြောင်း တွေ့ရှိ


(Photo: Getty Images)
ဗြိတိန် ကျွမ်းကျင်သူတွေရဲ့ အဆိုအရ COVID-19 ကို ကုသရာမှာ စတီးရွိုက် ပမာဏအနည်းငယ်ဖြင့် ကုထုံးက ကြီးမားတဲ့ အောင်မြင်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဗြိတိန်ငွေ ၅ ပေါင် (မြန်မာကျပ်ငွေ ၉,၀၀၀ နီးပါး) မျှသာပေးရတဲ့ စတီးရွိုက်ဆေး Dexamethasone က ရောဂါပြင်းထန်ပြီး အသက်ရှူစက်တပ်ထားရတဲ့ COVID-19 လူနာတွေကို သေဆုံးနိုင်ခြေ သုံးပုံတစ်ပုံကို လျှော့ချနိုင်ခဲ့ပါတယ်။
ထို့အတူ အောက်စီဂျင်ပေးထားရတဲ့ အတန်အသင့် ရောဂါပြင်းထန်တဲ့ COVID-19 လူနာတွေမှာလည်း သေဆုံးနိုင်ခြေကို ငါးပုံတစ်ပုံ လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ စမ်းသပ်ကုသမှုအရ Dexamethasone က အသက်ရှူကိရိယာတပ်ထားရတဲ့ လူနာ ၈ ဦးမှာ ၁ ဦးကို အသက်ကယ်နိုင်ခဲ့ပြီး အောက်စီဂျင်ပေးထားရတဲ့ လူနာ ၂၅ ဦးမှာ ၁ ဦးကို အသက်ကယ်နိုင်ခဲ့ကြောင်း တွေ့ရပါတယ်။

ဗြိတိန်မှာ COVID-19 စတင်ဖြစ်ပွားချိန်မှစပြီး အဆိုပါဆေးဖြင့် ကုသခဲ့ပါက လူ ၅,၀၀၀ အထိကို အသက်ကယ်နိုင်ခဲ့မယ်လို့လည်း သုတေသီတွေက ခန့်မှန်းခဲ့ကြပါတယ်။ Dexamethasone ဆေးဟာ ဈေးသက်သာပြီး COVID-19 လူနာအရေအတွက် များပြားမှုကြောင့် ရုန်းကန်နေရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကြီးမားစွာ အကျိုးပြုနိုင်ပါတယ်။

Dexamethasone ကို ထိုးဆေးတစ်ကြိမ် သို့မဟုတ် တစ်နေ့တစ်ကြိမ် သောက်ဆေးအဖြစ် အသုံးပြုနိုင်ပြီး COVID-19 ကုသနိုင်တဲ့ ပထမဆုံးဆေးအဖြစ် ကျွမ်းကျင်သူတွေက တွေ့ရှိလာခဲ့ပါတယ်။ ပုံမှန်အားဖြင့် အဆိုပါဆေးကို ဓာတ်မတည့်မှုများ၊ အရေပြားရောဂါများ၊ အူမကြီးရောင်ရမ်းမှု၊ အဆစ်ရောင်ရောဂါ၊ ကိုယ်ခံအားစနစ်က အလွန်အကျွံ တုံ့ပြန်ပြီး ပုံမှန်ဆဲလ်တွေကိုပါ တိုက်ခိုက်တဲ့ lupus နာတာရှည်ရောဂါနဲ့ အရေပြားဆဲလ်များ ပုံမှန်ထက် ပိုမိုလျင်မြန်စွာ တိုးပွားလာတဲ့ psoriasis ရောဂါတို့အတွက် ဆရာဝန်ညွှန်ကြားချက်ဖြင့် လူနာတွေကို ပေးလေ့ရှိပါတယ်။

(Photo: Daily Mail)

Tags:

Add a Comment

Your email address will not be published. Required fields are marked *