အလုပ်ရမည်ဆိုကာ တရုတ်မယားအဖြစ် ရောင်းစားခဲ့သူများကို အမှုဖွင့်

လက်ဖက်ခြောက်စက်ရုံတွင် အလုပ်ရမည်ဆိုကာ တရုတ်မယားအဖြစ် ရောင်းစားခဲ့သည်ဆိုသူများကို သက်ဆိုင်ရာက စုံစမ်းလျက်ရှိကြောင်း ယနေ့ဇွန် ၁၅ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ပြီး ဇွန်(၁၀)ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ တိုက်ကြီးမြို့နယ်၊ ပုတ္တကျေးရွာအုပ်စု ချောင်းကျိုးပရဟိတဂေဟာ Quarantine Center ၌ ကျန်းမာရေးစောင့်ကြည့်မှုခံယူနေသည့် တိုက်ကြီးမြို့နေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးကို ကိုယ်ရေးအချက်အလက်ကောက်ယူရန် အုပ်ချုပ်ရေးအဖွဲ့က သွေားရာက် မေးမြန်းခဲ့ရာမှ တရုတ်နိုင်ငံသို့ လူကုန်ကူးရောင်းစားခံရခြင်းဖြစ်ကြောင်း စစ်ဆေးသိရသဖြင့် အုပ်ချုပ်ရေးအဖွဲ့က သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ဇွန် ၁၂ ရက်တွင် အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်)မှ ရဲအုပ်မြတ်စိုးနောင်က အဆိုပါဖြစ်စဉ်ကို လာရောက်မေးမြန်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းက အဆိုပါအသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်ကို တစ်ရွာတည်းနေ ဒေါ်စန်းစန်းအေး၏ အဆက်အသွယ်ဖြင့် လှိုင်သာယာမြို့နယ်နေသူ မခိုင်(ခ)မြခိုင်တို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ လာရှိုးမြို့ လက်ဖက်ခြောက်စက်ရုံတွင် အလုပ်လုပ်ကိုင်ရန် လူလိုကြောင်း၊တစ်လလျှင် ငွေ ၂သိန်း စရိတ်ငြိမ်းရမည်ဖြစ်ကြောင်း မခိုင်(ခ)မြခိုင်က လူကုန်ကူးခံရသူအမျိုးသမီးငယ်ကို ပြောဆိုစည်းရုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့နောက် လူကုန်ကူးခံရသူအမျိုးသမီးငယ်သည် ဒေါ်စန်းစန်းအေး၊မခိုင်(ခ)မြခိုင်တို့နှင့်အတူ ဇွန်ချောင်ကျေးရွာမှ အင်းစိန်မြို့နယ်သို့ လိုင်းကားအဆင့်ဆင့်ဖြင့် လာရောက်ခဲ့ပြီးနောက် လှိုင်သာယာမြို့ရှိ မခိုင်(ခ)မြခိုင်နေအိမ်သို့ ရောက်ရှိခဲ့ကြောင်း၊မကုလားမဆိုသူနှင့်တွေ့ရှိခဲ့ပြီး ၎င်းကိုဓာတ်ပုံရိုက်၍ ရပ်ကွက်ထောက်ခံစာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

နောက်တစ်နေ့တွင် မကုလားမ၏မောင်ဆိုသူဇေယျာလင်းက အောင်မင်္ဂလာအဝေးပြေးကားကွင်းသို့လိုက်ပို့ပေးခဲ့ပြီး အဆိုပါဂိတ်တွင် မကုလားမနှင့် မကုလားမ၏သမီးဖြစ်သူ မထက်ထက်အောင်တို့ လာရောက်စောင့်နေသည်ကိုတွေ့ရကြောင်း၊ညနေ ၄ နာရီထွက်သည့်ယာဉ်ဖြင့် ၎င်းတို့နှင့်အတူ လာရှိုးမြို့သို့ လိုက်ပါခဲ့ကြောင်း သိရသည်။

နောက်တစ်နေ့နံနက်၌ လာရှိုးမြို့သို့ရောက်ရှိခဲ့ကြောင်း၊ မကုလားမမှာ လာရှိုးမြို့တွင် ကျန်ခဲ့ပြီး လူကုန်ကူးခံရသူအမျိုးသမီးငယ်က မထက်ထက်အောင်နှင့်အတူ အငှားယာဉ်အဆင့်ဆင့်ဖြင့် တရုတ်နယ်စပ်ဂိတ်ခိုးဝင်ပေါက်မှတစ်ဆင့် တရုတ်နိုင်ငံ မိန်းတိန်မြို့သို့ရောက်ရှိကာ တည်းခိုခန်းတစ်ခု၌ ၄ ရက်ခန့် နေထိုင်ခဲ့ကြောင်း သိရသည်။

၅ ရက်မြောက်နေ့တွင် မရှမ်းမဆိုသူ ရောက်လာပြီး မထက်ထက်အောင်က ထည့်ပေးသဖြင့် လူကုန်ကူးခံရသူအမျိုးသမီးငယ်က မရှမ်းမနေအိမ်သို့ ရောက်ရှိခဲ့သည်။ မရှမ်းမနေအိမ်တွင်၄ ရက်ခန့်နေထိုင်ပြီးနောက် တရုတ်အမျိုးသား (ဝိုင်းချစ်) ဆိုသူ ရောက်လာကာ လူကုန်ကူးခံရသူအမျိုးသမီးငယ်ကို ခေါ်ဆောင်သွားခဲ့သည်။

လူကုန်ကူးခံရသူအမျိုးသမီးငယ်သည် ၎င်းတရုတ်အမျိုးသားနှင့်အတူ ကား ၄ ဆင့်ပြောင်းစီး၍ ၄ ရက်ခန့်ခရီးဆက်ခဲ့ရာ ည ၁၁ နာရီခန့်တွင် အမည်မသိမြို့သို့ ရောက်ခဲ့ပြီး အဆိုပါ တရုတ်အမျိုးသားနှင့် ၃ လခန့် လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ခဲ့သည်။

တရုတ်အမျိုးသားက ဖုန်းပေးသုံးသဖြင့် လူကုန်ကူးခံရသူအမျိုးသမီးငယ်က မကုလားမနှင့် စကားပြောခဲ့ရကြောင်း၊ ၎င်းကိုတရုတ်အမျိုးသားထံ ယွမ် ၁သိန်း၁သောင်းဖြင့် ရောင်းစားခဲ့ကြောင်းနှင့် လူကုန်ကူးခံရသူအမျိုးသမီးငယ်၏ မိခင်ဖြစ်သူထံ မြန်မာငွေကျပ် ၁၅သိန်းပို့ပေးခဲ့ကြောင်း မကုလားမ၏ပြောပြချက်အရ လူကုန်ကူးခံရသူအမျိုးသမီးငယ်က သိရှိခဲ့သည်။

အဆိုပါတရုတ်အမျိုးသားနှင့် ၂နှစ်ကျော်ခန့် ပေါင်းသင်းခဲ့ရာ သမီးတစ်ယောက်ရခဲ့ပြီး ယခုနှစ် ဇွန်လတွင် အဆိုပါနေအိမ်မှထွက်ပြေးခဲ့ကြောင်း၊ ၆ ရက်မြောက်နေ့၌ မူဆယ်မြို့ ခိုးဝင်ပေါက်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကာ Quarantine Center သို့ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေါ်စန်းစန်းအေး (စုံစမ်းဆဲ) ၊မခိုင်(ခ)မြတ်ခိုင်(စုံစမ်းဆဲ)၊လှိုင်သာယာမြို့နယ်နေသူ မကုလားမ(စုံစမ်းဆဲ) ၊မထက်ထက်အောင် (စုံစမ်းဆဲ)၊မရှမ်းမ(စုံစမ်းဆဲ)တို့ကို အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

အဖျောက်ရဲစခန်းက(ပ)၅၇/၂၀၂၀၊လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အမှုဖွင့် အရေးယူထားသည်။သက်ဆိုင်ရာက အဖျောက်မြို့ နေ ဒေါ်စန်းစန်းအေး (၆၃ နှစ်)ကို အမှုဖြင့်စစ်ဆေးလျက်ရှိပြီး အမှုတွင်ပါဝင်သူများကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

Add a Comment

Your email address will not be published. Required fields are marked *