မူးယစ်ကုန်သည်များထံမှ ဘတ်သန်း ၁၅၀ဝ သိမ်းဆည်းရန် ထိုင်းတရားရေးဝန်ကြီးဌာန ညွှန်ကြား

COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးအခက်အခဲများ ဆက်လက်ခံစားနေရစဉ် ရွှေတြိဂံဒေသမှ တရားမဝင်မူးယစ်ဆေးများထံမှ ရသည့်ငွေများကို ခဝါချပေးနေသည့် စီးပွားရေးလုပ်ငန်းများကို ဖမ်းဆီးရန်နှင့် သြဂုတ်လနောက်ဆုံးထားပြီး သူတို့ထံမှဘတ်သန်း ၁၅၀ဝ သိမ်းဆည်းရန် ထိုင်းတရားရေးဝန်ကြီးဆွမ်ဆက် သက်ဆူတင်က အာဏာပိုင်များကို ညွှန်ကြားသည်။

ထိုင်းမြောက်ပိုင်းတွင် မူးယစ်ဆေးသံသယတရားခံ ၁၂၅ ယောက်ကို မူးယစ်ဆေးတိုက်ဖျက်ရေး အရာရှိများက ဖမ်းဆီးခဲ့ပြီး စိတ်ကြွဆေး ၁၅.၇ သန်းကို သိမ်းဆည်းခဲ့ကြောင်းလည်း သူကပြောသည်။

ဖမ်းမိသူများနှင့် ဆက်စပ်ပြီး ဘတ်သန်း ၅၀ တန်ဖိုးရှိပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းနိုင်မည်ဟု ခန့်မှန်းနေကြသည်။

ချင်းရိုင်ခရိုင်ပါဝင်သည့် ရွှေတြိဂံနယ်မြေသည် မူးယစ်ဆေးအရင်းအမြစ် အကြီးစားဖြစ်ကြောင်းလည်း ပြောသည်။

မူးယစ်ဆေးကုန်ကူးသူများက ထိုင်းနိုင်ငံတွင် ငွေမည်းမှငွေဖြူအဖြစ်ပြောင်းပြီး နိုင်ငံပြင်ပရှိမူးယစ်ဆေးအဖွဲ့များထံ လွှဲပြောင်းပေးသည်။

ငွေကြေးခဝါချရာတွင် ရွှေတုံးငွေတုံးများ၊ ရွှေလက်ဝတ်ရတနာများနှင့် ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူခြင်းပါဝင်သည်။

“ပြီးခဲ့တဲ့နှစ်တွေထဲမှာ အဖြေရှာမရအောင် မြန်မြန်ဆန်ဆန် တိုးတက်လာတဲ့ သံသယဖြစ်စရာကောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေကို အာဏာပိုင်တွေက ရှာပါလိမ့်မယ်။ အကောက်ခွန်ဌာနက စုံစမ်းစစ်ဆေးမှုတွေကို အထောက်အကူပြုပေးပါလိမ့်မယ်” ဟု ဝန်ကြီးကပြောသည်။

ငွေကြေးခဝါချမှုကို အရှိန်မြှင့်တင်ဖြိုခွင်းပါက သြဂုတ်လမကုန်မီ ဘတ်သန်း ၁၅၀ဝ သိမ်းဆည်းရမိနိုင်သည်ဟု ဝန်ကြီးက ယုံကြည်နေသည်။

ပြီးခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံ၌ ဘတ်သန်း ၇၀ဝ ကို မူးယစ်ဆေးကုန်ကူးသူများထံမှ သိမ်းဆည်းရမိခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်တွင် ချင်းရိုင်ခရိုင်မှဘတ် ၄၂ သန်းတန်ဖိုးရှိ မူးယစ်ဆေးကုန်ကူးသူများ၏ ပိုင်ဆိုင်မှုကို ထိုင်းရဲများက သိမ်းဆည်းခဲ့သည်။

ဥက္ကာ

Source – Chiang Rai Times

Add a Comment

Your email address will not be published. Required fields are marked *