fbpx

သယံဇာတ ကျိန်စာအောက် နှစ်ပါးသွားကနေရတဲ့ ရှမ်းပြည်နယ်က တာလေရွှေတွင်း

ရှမ်းပြည်နယ် အရှေ့ပိုင်းအကြောင်းရေးဖို့ စဉ်းစားလိုက်ရင် ယနေ့အချိန်ထိ ဖြေရှင်းလို့မပြီးနိုင်သေးတဲ့ တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်ခွဲ၊ မိုင်းလင်း အနောက်အုပ်စုထဲက နားဟိုင်းလုံဆိုတဲ့ ရှမ်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ ရွာလေးတစ်ရွာအကြောင်းကနေ ပြန်စရမယ်ထင်ပါတယ်။

၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်မှာ ကိုယ်တိုင်သွားရောက်ပြီး တတ်နိုင်တဲ့ဖက်ကနေ ကူညီဆောင်ရွက်ပေးခဲ့သလို ဦးသိန်းစိန်အစိုးရလက်ထက်က MEITI အစည်းအဝေးမှာလည်း တရားဝင် မှတ်တမ်းနဲ့မေးမြန်းခဲ့ဖူးပါတယ်။ ကောင်းမွန်တဲ့အဖြေမရခဲ့သလို NLD အရပ်သားအစိုးရ လက်ထက်မှာလည်း ပြောပြပြီး ထပ်မံအကူအညီတောင်းခဲ့ပါသေးတယ်။ အရပ်သားအစိုးရမှာ ပါဝင်သူတွေရဲ့ အကြောင်းပြချက်တစ်ခုက ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ လုံခြုံရေးဆိုင်ရာ တာဝန်မခံနိုင်မှုကြောင့် သွားရောက် စစ်ဆေးနိုင်ခြင်းမရှိဘူးဆိုတဲ့ အကြောင်းပြချက်ကိုပဲ ရရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ဒီအကြောင်းကို Facebook ပေါ်ကနေ သတင်းပုံစံ ရေးပြခဲ့တဲ့အချိန်မှာ ကျနော့်အသက်က ငါးသောင်းကျပ်ပဲတန်တယ် ဆိုတဲ့အထိ လုပ်ငန်းရှင်တစ်ယောက်ရဲ့ ပေါ်ပေါ်တင်တင် ခြိမ်းခြောက်တာကိုလည်း ကြုံတွေ့ ခဲ့ရပါတယ်။ နားဟိုင်းလုံကျေးရွာ လေးက ငလျင်ဒဏ် အကြီးအကျယ်ခံစားခဲ့ရတဲ့ တာလေမြို့ကနေ မြေလမ်းအတိုင်း တစ်နာရီနီးပါး သွားရပါတယ်။ အိမ်ခြေ ၆၀ လူဦးရေ ၃၄၀ ဦး နီးပါးရှိတဲ့ (၂၀၁၄-၁၅ ခုနှစ်) ရွာလေးမှာ ရှမ်းတိုင်းရင်းသားအများဆုံး နေထိုင်ပြီး ရှမ်းဘာသာစကားနဲ့ပဲ ပြောဆိုဆက်ဆံကြရပါတယ်။ ဗမာစကားကို တတ်ကျွမ်းနားလည်တာဆိုလို့ ဒေသခံကျန်းမာရေးဝန်ထမ်း ရှမ်းအမျိုးသမီးတစ်ယောက်ပဲ ရှိပါတယ်။ ရွာသူရွာသားတွေအတွက် စိန်ခေါ်မှုများစွာထဲကနေ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း ရှမ်းအမျိုးသမီးလေးကို သီပေါစော်ဘွားကတော် တည်ထောင်ထားတဲ့ အဖွဲ့အစည်းကနေ ဂုဏ်ပြုတဲ့ စဝ်သုစန္ဒီ ဆုကို ၂၀၁၄ ခုနှစ်က ပေးအပ်ခံရပါသေးတယ်။

ရှမ်းပြည်နယ်မှာ သယံဇာတ တူးဖော်ထုတ်လုပ်နေမှုတွေကြောင့် အစိုးရအနေနဲ့ အခွန်အခတွေ ရနေတယ်ဆိုပေမယ့် ရတဲ့ ငွေကြေးတန်ဘိုးနဲ့ လူမှုဘဝတွေကို အလဲအထပ် လုပ်လိုက်ကြရသလို ပြန်လည်ပြုပြင်ကုစားမှု မလုပ်နိုင်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေက မျှခြေရှိရဲ့လားဆိုတာ ပြန်စဉ်းစားဖို့ လိုအပ်မယ်ထင်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ထဲမှာ ရွေထွက်ရှိရာဒေသတွေအဖြစ် တာလေ၊ မိုင်းလင်း၊ နားယောင်း၊မိုင်းကိုး၊ မိုင်းယောင်း ဧရိယာတွေမှာ လက်ရှိတူးဖော်ထုတ်လုပ်နေတာကို တွေ့ရပါတယ်။ NLD အစိုးရလက်ထက် စာရင်းအချက်အလက်တွေအရ တာချီလိတ်မြို့နယ်ထဲမှာ တစ်ကွက်ကို ဧက ၂၀ အကျယ်အဝန်းရှိတဲ့ လုပ်ကွက်စုစုပေါင်း ၄၄ ကွက် လိုင်စင်ထုတ်ပေးထားတယ်လို့ ဆိုပါတယ်။

နားဟိုင်းလုံကျေးရွာနဲ့ ၁၀ မိုင်ခန့် ကွာဝေးတဲ့ ရွှေလုပ်ကွက်တွေက ထိုင်းနဲ့ လာအို နယ်စပ်ကို ပိုင်းခြားထားတဲ့ မဲခေါင်မြစ်နဲ့ ၁၅ မိုင်ခန့်သာ ကွာဝေးတယ်လို့ သိရပါတယ်။ နားဟိုင်းလုံ ရွာနံဘေးကနေ နမ့်ခမ်း ချောင်းစီးဆင်းသွားပြီး တာလေချောင်းနဲ့ ပေါင်းဆုံကာ မဲခေါင်မြစ်ထဲ စီးဝင်ပါတယ်။ နားဟိုင်းလုံ ရွာနံဘေးက ဖြတ်သန်းစီးဆင်းသွားတဲ့ နမ့်ခမ်းချောင်းဟာ ၂၀၁၀ ခုနှစ်ထိ ရေအနက်ပေ ၁၀ ပေ နက်တဲ့အပြင် သောက်ရေ၊ သုံးရေ အဖြစ်ပါအသုံးပြုလို့ရတယ်လို့ သိရပါတယ်။

အဲဒီအရပ်မှာ နေထိုင်တဲ့ တိုင်းရင်းသားတွေအဖို့ လယ်မြေတွေက ကောင်းတဲ့အပြင် ရေဦးရေထွက်တွေ ပေါများတာကြောင့် စပါးကို နှစ်သီးစား စိုက်ပျိုးကြပြီး ဂျုံစိုက်ခင်းတွေပါရှိတယ်လို့ သိရပါတယ်။ နားဟိုင်းလုံရွာလေးမှာ လယ်မြေ ဧကပေါင်း ၃၀၀ ခန့်ရှိတယ်လို့ ခန့်မှန်းမိပါတယ်။

ကျန်းမာရေး ဆရာမလေးက ရွာမှာ မွေးဖွားနှုန်း တစ်နှစ်ကို သုံးယောက်ခန့် ရှိတယ်လို့ ဆိုပါတယ်။ ရွာလေးရဲ့အနီးမှာတော့ လားဟူ၊ အာခါနဲ့ အခြားလူမျိုးစုရွာတွေလည်း ရှိပါတယ်။ အဲဒီအရပ်ဒေသမှာ EAO’s အဖွဲ့တွေ သွားလာလှုပ်ရှားတာ မရှိပေမယ့် လူမျိုးစုအခြေပြု ပြည်သူ့စစ်အဖွဲ့တွေ ရှိပါတယ်။ တာချီလိတ်မြို့ကနေ မိုင် ၃၀ ခန့် ကွာဝေးတဲ့ ဒေသလေးမှာ ယနေ့အခြေအနေလို ဒုက္ခပေါင်းများစွာ လူမှုဘဝအခက်ခဲတွေနဲ့ ကြုံတွေ့ဖြတ်သန်းကြရမယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြပါဘူး။ ယနေ့ NLD အစိုးရလက်ထက်မှာလည်း ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ သတ္တုမျိုးစုံ စမ်းသပ်ရှာဖွေဖို့ ဧကပေါင်း သိန်းနဲ့ချီတဲ့ လုပ်ကွက်တွေကို ချပေးလိုက်တယ်ဆိုတော့ နောင်တစ်ချိန် နားဟိုင်းလုံက လူမှုဘဝတွေလို ကြုံတွေ့ခဲ့ကြရင် ဘယ်သူတွေက ဘယ်လိုတာဝန်ယူပြီးဖြေရှင်းပေးကြမှာလဲဆိုတာ ပူပန်မှုများစွာနဲ့အတူ သိချင်မိပါတယ်။ အိမ်ခြေ ၆၀ ကျော် ထိခိုက်နေတဲ့ ကျေးရွာလေးတစ်ရွာအတွက် အာမခံချက်မပေးနိုင်တဲ့ အခြေအနေတစ်ရပ်ဟာ ဒီနေ့ထိ သက်သေအဖြစ် ရှိနေပါသေးတယ်။

အရင်အစိုးရလက်ထက်က ဖြစ်ခဲ့တာဆိုရင်လည်း လက်ရှိအစိုးရအနေနဲ့ တာဝန်ခံ တာဝန်ယူမှုကို ရှင်းရှင်းလင်းလင်း ပြောပြစေချင်ပါတယ်။ ကျနော့်အနေနဲ့တော့ ကိုယ်တိုင်သွားရောက်ခဲ့တာဖြစ်လို့ မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရပြီး မေ့လို့မရတဲ့ အဖြစ်အပျက်တစ်ခုပါပဲ။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ နဲ့ မိုင် ၃၀ ကွာဝေးတဲ့ နားဟိုင်းလုံရွာအနီးက တောင်တန်းတွေမှာ ရွှေသတ္တုထွက်ရှိတယ်ဆိုတာ ၂၀၀၇ ခုနှစ်ခန့်ကစပြီး သိခဲ့ရပါတယ်။ အရပ်ဖက်အဖွဲ့တွေဖြစ်တဲ့ ရှမ်းသဘာဝ အဖွဲ့ ရဲ့ သုတေသန စာတမ်းအရ ရွှေတူးဖော်ထုတ်လုပ်နေတဲ့ ဧရိယာက ၁၁ မိုင်
ပတ်လည်ခန့် ရှိနိုင်တယ်လို့ ပြောထားပါတယ်။

၂၀၁၀ ခုနှစ် (ခန့်မှန်း) ဦးသိန်းစိန်အစိုးရ တက်လာတဲ့အချိန်မှာ ရွှေတူးဖော်နေတဲ့ ကုမ္ပဏီပေါင်း ၁၁ ခုလောက် ရှိတယ်လို့ဆိုပါတယ်။ ဒေသက နေထိုင်တဲ့သူတွေ ပြောပြတာတော့ အဲဒီနေရာတွေမှာ မီးသွေးဖုတ်သူ၊ တောပစ်ထွက်သူတွေ သွားကြတဲ့နေရာလို့လည်း သိရပါတယ်။ အဲဒီအရပ်ဒေသက ရွှေထုတ်လုပ်ပုံကလည်း အခြားဒေသက ထုတ်လုပ်ပုံတွေနဲ့ မတူပါဘူး။ မြင်တွေ့ခဲ့ရတဲ့ ဓာတ်ပုံအထောက်အထားတွေကို ကြည့်ပြီး ဝင်ရောက်လေ့လာစူးစမ်းခဲ့တဲ့ ရလဒ်တွေကြောင့် သူတို့ ဘယ်လိုထုတ်လုပ်တယ်ဆိုတာ သိခဲ့ရတာပါ။

ကျနော်တို့တွေ အဲဒီအရပ်ဒေသကို လေ့လာဖို့အတွက် ပြင်ဆင်ခဲ့ကြရပါတယ်။ တရားဝင် ဝင်ရောက်လေ့လာဖို့ဆိုတာ စိန်ခေါ်မှု အများကြီးရှိနိုင်ပါတယ်။ မျှော်မှန်းခဲ့တာက ရွှေထုတ်လုပ်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူတွေကို ထိခိုက်နိုင်တဲ့ ဓာတုပစ္စည်းတွေ အသုံးပြုနေတဲ့ အချက်အလက် သက်သေတွေရဖို့ဖြစ်ပါတယ်။ ခိုင်မာတဲ့ သက်သေအထောက်အထားတွေနဲ့အတူ အစိုးရတစ်ရပ်ကို ဥပဒေနဲ့ညီညွတ်ခြင်းမရှိကြောင်း တင်ပြချက်နဲ့ ထောက်ပြနိုင်မယ်ဆိုရင် လူထုအတွက် ဘေးအန္တရာယ်ကင်းမယ်ထင်ခဲ့လို့ပါ။

ကျနော်တို့အဖွဲ့ ထဲကနေ အဖွဲ့ဝင်နှစ်ဦးကို ရွေးချယ်ခဲ့ပါတယ်။ အခုလို မိုးများတဲ့အချိန်မှာ ဖြစ်ပါတယ်။ သူတို့ကို ရွှေတွင်းတွေမှာ အလုပ်လုပ်ဖို့အတွက် အလုပ်သမား ပုံစံ အဖြစ် အလုပ်ရှာဖွေရေး အနေနဲ့ သွားရောက်နိင်ဖို့အတွက်ပါ ။ လမ်းပြနှစ်ယောက်နဲ့ ဆိုင်ကယ် (ဘီးမှာ ချိန်းကြိုးပတ်ထား) နှစ်စီးငှားပြီး ကင်မရာနှစ်လုံး (ဆပ်ပြာခွက် ၊ တယ်လီပါ ကင်မရာ)နဲ့ လွှတ်လိုက်ပါတယ်။ သူတို့အတွက် အမှားမခံနိုင်သလို စိုးရိမ်မှုတွေကလည်း ဖော်မပြနိုင်တဲ့ အနေအထားပါ။ သူတို့ကိုယ်တိုင်ကလည်း စိတ်ဓာတ်တက်ကြွစွာနဲ့ လိုလိုလားလား သွားချင်နေတာကြောင့် ကျနော်တို့အစီအစဉ် အောင်မြင်ခဲ့ပါတယ်။ သူတို့ကို အခုဆောင်းပါးထဲမှာ အမည်တွေ ဖော်မပြ နိင်ပေမယ့်လည်း သူတို့လုပ်ရပ်တွေအတွက် ယနေ့ထိ ဂုဏ်ယူသတိရမိနေစေပါတယ်။

သူတို့တွေ ပထမဆုံးတွေ့လိုက်ရတာက အိမ်နီးချင်းနိုင်ငံထဲက လူတွေဖြစ်ပါတယ်။ အဲဒီလူတွေကတော့ နီးစပ်ရာ တဲထဲဝင်သွားခဲ့သလို မြန်မာအလုပ်သမားတစ်ယောက်ထွက်လာပြီး သူတို့နဲ့ စကားပြောကြတယ်လို့ ပြောပြပါတယ်။ ရွှေပါဝင်တဲ့ မြေလွှာတွေကို ဘက်ဟိုးနဲ့တူးပြီး အလျားပေတစ်ရာ (၁၀၀) အနံ ၂၅ ပေ အမြင့် ပေ၂၀ ခန့်ရှိတဲ့ မြေစာပုံကို အရင်ပုံရပါတယ်။ မြေစာပုံပေါ်ကို ဆိုင်ယာနိုက်အက်စစ်တွေ ဖျော်ထားတဲ့ ပလပ်စတစ် မိုးကာသားကာထားတဲ့ မြေကန်တွေကနေ အက်စစ်ရေတွေကို စက်နဲ့ ပက်ဖြန်းရတာဖြစ်ပါတယ်။ ပျော်ဝင်ရေတွေကို စုဆောင်းပြီး ကာဗွန်ခံထားတဲ့ ရွှေစုတဲ့ ပြောင်းမှာ ပြန်စုပြီး ရွှေကို ဖမ်းယူရတယ်လို့ သိရပါတယ်။

ဆိုက်ယာနိုက် အသုံးပြုတယ်ဆိုတဲ့ သက်သေရဖို့ အဲဒီလုပ်ကွက်ထဲမှာ အက်စစ် ပုံးဟောင်းတွေ ရှာကြရပါတယ်။ အက်စစ်ပုံးတွေဟာ ပြည်ပကနေ ပလပ်စတစ်ပုံးပြာတွေနဲ့ ထုတ်ပိုးပြီးလာသလို ကိုးရီးယားနိုင်ငံထုတ်နဲ့ တရုတ်နိုင်ငံကထုတ်တဲ့ အမျိုးအစားတွေကို တွေ့ရပါတယ်။ အခု NLD အစိုးရ လက်ထက်မှာတော့ ဖမ်းဆီးရမိတဲ့ ရာနဲ့ချီတဲ့ ဆိုင်ယာနိုက်ပုံးတွေကို တာချီလိတ်မြို့မှာ လေလံပစ်ခဲ့တဲ့ သတင်းကိုလည်း မီဒီယာက ဖော်ပြလို့ သိလိုက်ရပါသေးတယ်။

မြေစာပုံမှာ ရွှေပါဝင်မှုမရှိတော့ဘူးဆိုတာနဲ့ မြေစာပုံကို ဒီအတိုင်းထားခဲ့သလို အချို့ ကလည်း တောင်အောက် ချောက်ထဲကို ဘက်ဟိုးနဲ့ ဖြိုချလိုက်တယ်လို့ ဆိုပါတယ်။ အက်စစ်ကန်တွေကိုတော့ ဒီအတိုင်းထားလိုက်ကြတယ်လို့ သိရပါတယ်။ အခုလို မိုးများချိန်ဆိုရင် အဲဒီမြေစာပုံနဲ့ အက်စစ်ကန်တွေဟာ မိုးရေနဲ့အတူ စီးမျှောလာပြီး နမ့်ခမ်းချောင်းတလျှောက် မျှောပါသွားတယ်ဆိုပါတယ်။

ကျနော်တို့အနေနဲ့ သက်သေအထောက်အထားတွေ ရပြီးချိန်မှာ ၂၀၁၅ ခုနှစ် မေလ ၂၉ ရက်နေ့မှာ MATA ကနေ ပြည်ထောင်စုအစိုးရထံ စာပေးပို့ပြီး မေးမြန်းခဲ့ပါတယ်။ ရွှေတူးဖော်ရေးလုပ်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ လိုင်စင်ရှိ – မရှိမေးမြန်းခဲ့သလို အဲဒီအရပ်ဒေသမှာ ဆိုင်ယာနိုက်အက်စစ် သုံးစွဲခွင့် ရှိ-မရှိ မေးမြန်းခဲ့တဲ့စာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဇွန်လ ၉ ရက်နေ့ ရက်စွဲနဲ့ MATA ကို အကြောင်းပြန်လာတဲ့စာမှာ အဲဒီအရပ်ဒေသက ဆိုင်ယာနိုက်အက်စစ် အသုံးပြုခွင့်ရရှိတဲ့ နယ်မြေထဲ မပါဝင်ကြောင်း ဖော်ပြထားသလို သက်တမ်းလွန်နေတဲ့ ကုမ္ပဏီတွေ ပါဝင်မူ့ရှိနေ ကြောင်းလည်း သိလိုက်ရပါတယ်။

အကြောင်းတိုက်ဆိုင်လို့ သတ္တုတွင်းဌာနက တာဝန်ရှိသူအချို့နဲ့ စကားပြောကြတဲ့အခါ သူတို့အနေနဲ့ ဆိုင်ယာနိုက်အက်စစ်နဲ့ ရွှေထုတ်ယူတာကို အားပေးတဲ့ပုံစံ ပြောဆိုနေကြပါတယ်။ သူတို့ထင်သလို မြေပြင်ပေါ်က ကုမ္ပဏီတွေက လုပ်ဆောင်ခြင်းမရှိနေဘူးဆိုတာ ပြောပြတော့ ဒါက ဖြစ်လေ့ဖြစ်ထ ရှိတဲ့သဘောမျိုး ပြောနေတာတွေ့ရပါတယ်။ အံသြစရာ ကောင်းတဲ့ အခြေအနေပါ ။ တည်ဆဲဥပဒေတွေကို ဘယ်သူတွေက စပြီးချိုးဖောက်နေတယ်ဆိုတာ သိလိုက်ရတော့
အမှန်တကယ် ပြောင်းလဲ ချင်တဲ့စိတ် ရှိပါရဲ့လားလို့ အာဏာရ အစိုးရကို မေးလိုက်ချင်ပါတယ်။

လက်ရှိအစိုးရအနေနဲ့ ဗျုရိုကရက်တွေရဲ့စကား မလွန်ဆန်နိုင်ဘူးဆိုရင်လည်း လုပ်ငန်းသဘောသဘာဝ နားလည်အောင် ပြုမူသင့်ပါတယ်။ အာဏာရထားတဲ့အစိုးရက ပြည်သူအပ်နှင်းထားတဲ့ ယုံကြည်မှုကို တလွှဲအသုံးချနေချိန်မှာ ကူရာမဲ့နေတဲ့ လူထုဘဝအတွက်က လည်စင်းပေးနေရတာဟာ အမှန်တရားပါ။

ဆောင်းပါး – အောင်ကျော်မိုး

ဓာတ်ပုံများသည် ၂၀၁၅ ခုနှစ် မေလ က ရိုက်ခဲသော ပုံများဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *