မလှိုင်မြို့နယ် ပန်းအိုင်ရွှေမုဌောဘုရားတွင် ဘုရားဖူးများစည်ကားလျှက်ရှိ
|မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်ရှိ ပန်းအိုင်ရွှေမုဌောဘုရားကြီးမှာ ဘုရားဖူးလာသူတွေနဲ့ စည်ကားနေပါတယ်။
ဘုရားရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် နယုန်လဆန်း(၅)ရက်ကနေ ဝါဆိုလဆန်း(၇)ရက် ( ယခုနှစ်အတွက် မေလ ၂၆ရက်မှ ဇွန်လ ၂၆ )ရက်ထိ ကျင်းပလေ့ရှိပြီး ဒီနှစ်မှာတော့ ပွဲတော်မကျင်းပဖြစ်ဘူးလို့ ဂေါပကအဖွဲ့ဥက္ကဌ ဦးအောင်ငြိမ်းကပြောပါတယ်။
ပွဲတော်မကျင်းပဖြစ်ပေမယ့် ဘုရားဖူးလာသူတွေရှိနေတာကြောင့် လူစုလူဝေးမဖြစ်အောင် ဆောင်ရွက်ထားတယ်လို့ ဦးအောင်ငြိမ်းကဆိုပါတယ်။
ဘုရားဖူးတွေက နယုန်လပြည့်နေ့ (ဇွန်လ ၅) ရက်လောက် ကစပြီး တဖွဲဖွဲလာရောက်ကြကာ ကနေ့မှာတော့ ဘုရားဖူးလာသူ ထောင်နဲ့ချီပြီစည်ကားနေပါတယ်။
ဘုရားကြီးပရဝုဏ်ထဲမှာလည်း အရင်နှစ်ပွဲတော်ရက်တွေကလို ဈေးသည်တွေနဲ့ စည်ကားနေပါတယ်။ mark များလည်းမတက်ကြပဲ လူစည်းကားနေတာတွေ့နေပြန်တယ်။
ဘုရားပွဲကျင်းပခွင့်ကို မြို့နယ်အာဏပိုင်အဖွဲ့စည်းက ခွင့်ပြုချက်မပေးခဲ့ဘဲ ဈေးသည်တွေကိုလည်း မနက်ဖန်ကစပြီး ဈေးမရောင်းချစေဖို့ ဂေါပကအဖွဲ့ကို မှာကြားထားတယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ကိုကျော်သက်ကပြောပါတယ်။
ဒီကနေ့ မနက်ကလည်းမြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမမှာ ဘုရားဂေါပကအဖွဲ့နဲ့ ရပ်ကျေးဥက္ကဌကို ခေါ်ယူပြီး ဈေးသည်တွေမရောင်းချစေဖို့ သတိပေးခံဝန်လက်မှတ်ရေးထိုးစေခဲ့တယ်လို့ သိရပါတယ်။
COVID- 19 ရောဂါကင်းစင်ပြီးနောက်ပိုင်းမှာ ဘုရားပွဲတော်ကို ထပ်မံကျင်းပ ပေးစေလိုကြောင်း ဘုရားဖူးလာသူတွေက ပြောပါတယ်။
ဓာတ်ပုံ – ဘိုဘိုမလှိုင်