နေပြည်တော်မှာ ဓါးပြမှုမရှိဘဲ သက်ငယ်မုဒိန်းမှုနဲ့ မုဒိန်းမှုတွေသာများနေတယ်

နေပြည်တော်၊ ဇွန် ၁၃-၂၀၂၀
စွမ်းရဲထွဋ် (VOM)

နေပြည်တော်မှာ အခုကာလအတွင်း ဓါးပြမှုမရှိဘဲ သက်ငယ်မုဒိန်းမှုနဲ့ မုဒိန်းမှုတွေသာများနေတယ်လို့ နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒု-တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်သော်က ပြောပါတယ်။

နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှ မနေ့ ဇွန်လ(၁၂)ရက်နေ့ကပြုလုပ်တဲ့ နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“မုဒိန်းမှုနဲ့ လူသတ်မှုက တိုးတက်တယ်။ ဓားမြမှုက မတိုးတက်ပါဘူး။ ဓားမြမှုဖြစ်တာကိုမရှိတာ နေပြည်တော်နယ်မြေမှာ။ လိုက်နာဆောင်ရွက်မှုနည်းတဲ့အတွက် သက်ငယ်မုဒိန်းဖြစ်နေတာတွေအများကြီးပဲ။ နေပြည်တော်မှာ အခုဒီရက်ပိုင်းမှာဖြစ်နေတာတွေ ဒီကာလအတွင်းမှာဖြစ်တဲ့ဟာမှာ မုဒိန်းမှုအများဆုံးဖြစ်တယ်”လို့ ရဲမှူးကြီး ခင်မောင်သော်ကပြောပါတယ်။

နေပြည်တော်တိုင်းရဲတပ်ဖွဲ့အနေနဲ့လည်း ပညာပေးမှုတွေ လုပ်ဆောင်နေပေမယ့် သက်ငယ်မုဒိန်းမှုနဲ့ မုဒိန်းမှုများပြားနေရတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ခိုက်ရန်ဖြစ်ပွားပြီး လူသေမှုတွေမှာတော့ ဓါးဆောင်လေ့ရှိသူတွေက ဓါးနဲ့ခုတ်လိုက်လို့ လက်ပြတ်တာမျိုး၊ ထိခိုက်မှုမျိုးရှိကြောင်း၊ တစ်ခါတရံမှာလည်း လမ်းပန်းဆက်သွယ်ရေးဝေးတဲ့နေရာမှာဖြစ်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေမှာလည်း သွေးလွန်ပြီး သေဆုံးတက်တာတွေရှိတယ်လို့ သိရပါတယ်။

“ချက်ချင်းပဲ ဆေးရုံကို မပို့ဘူး။နောက်ကာလကြာသွားတဲ့အခါမှ သေတာတွေ အဲ့ဒါမျိုးတွေဖြစ်တာတွေ များတယ်။ အဲ့ဒီအတွက်ကို အခု နေပြည်တော်ရဲတပ်ဖွဲ့ရော၊ အမှတ် ၁ လုံခြုံမှုထိန်းသိမ်းရေး တပ်ဖွဲ့တွေကရော၊ ယာဉ်ထိန်းတွေကရော အားလုံးလှည့်ကင်းနဲ့ စိုးမိုးပြီးဆောင်ရွက်တယ်။ အမှုကလည်း ဆယ်ဂဏန်းလောက်ပဲ များတာပါ။ အများကြီးမဖြစ်သေးဘူး။ အခုနှစ်လည်း မကုန်သေးဘူး။ ၂၀၁၉-၂၀၂၀၊ ၂၀၂၀နှစ်မကုန်သေးတဲ့ အတွက်မပြတ်သေးဘူးပေါ့။ ဒါပေမယ့်လည်း အခုမှာကို ၁၂မှုလောက်ကို တိုးပြီးဖြစ်တယ်။ ၂၀၁၉ ထက်ကို ၂၀၂၀မှာ။ အဲ့ဒီအမှုတွေက မုဒိန်းမှုနဲ့ လူသတ်မှုဖြစ်တာတွေကလည်း ဒေါသအလျှောက်ဓားဆောင်တာတွေက ပိုပြီးတော့ဖြစ်တာ”လို့ ရဲမှူးကြီးခင်မောင်သော်ကပြောပါတယ်။

သက်ငယ်မုဒိန်းမှုနဲ့ မုဒိန်းမှုတွေဖြစ်ပေါ်နေရတဲ့ အဓိကအကြောင်းအရင်းကတော့ ပြည်သူတွေ ပညာအရည်အချင်းနည်းပြီး လိုက်နာဆောင်ရွက်မှု အားနည်တာကြောင့်လို့ ရဲမှူးကြီးခင်မောင်သော်က ရှင်းပြ‌ပြောဆိုခဲ့တာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *