မြဝတီမြို့သို့ ခိုးဝင်လာသူ တရုတ်နိုင်ငံသား ရှစ်ဦးနှင့် မြန်မာယာဉ်မောင်း နှစ်ဦးကို ဖမ်းမိ
|တရုတ်နိုင်ငံ ကျယ်ခေါင်မြို့ရှိ နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်၍ မြန်မာနိုင်ငံ မူဆယ်မြို့မှ မြဝတီမြို့သို့ တရားမဝင် ခိုးဝင်လာသူ တရုတ်နိုင်ငံသား ရှစ်ဦးနှင့် ၎င်းတို့ကို ယာဉ်ဖြင့် တင်ဆောင်လာသည့် မြန်မာနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
“ရဲတပ်ဖွဲ့က သူတို့ကို အမှုဖွင့် သီးခြားချုပ်နှောင်ထားပါတယ်။ ယခင် လောင်းကစားအမှုနဲ့ အရေးယူထားတဲ့ တရုတ်တွေနဲ့လည်း မရောဘူး။ ကျန်းမာရေးရှုထောင့်အရ ဘာဆက်လုပ်မလဲဆိုတာ ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ထားပါတယ်။ ရန်ကုန်ကို သွားမယ်ဆိုရင် မြဝတီကို ဝင်မှာမဟုတ်ဘူး။ လမ်းကြောင်းမသင့်ဘူး။ မြဝတီကိုပဲ လာတဲ့သဘောပေါ့။”ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။
ယခုလ ၁၁ ရက် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အာရှလမ်းနှင့် မြေနီကုန်းလမ်းဆုံတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်/ဆိုင်ကယ်များအား လက်နက်/ခဲယမ်းများ သယ်ဆောင်မှုရှိ/မရှိ ရပ်တန့် စစ်ဆေးရှာဖွေမှုများပြုလုပ်ဆောင်ရွက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
စစ်ဆေးရှာဖွေနေစဉ် နံနက် ၁၀ နာရီခွဲတွင် သင်္ဃန်းညီနောင်ဘက်မှ မြဝတီမြို့တွင်းဘက်သို့ လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် ယာဉ်မောင်း ဦးတင်မျိုးလွင် (၃၈ နှစ်) နှင့် ဦးညီညီလွင် (၃၃ နှစ်)တို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရုတ်နိုင်ငံ ဖူချင်းပြည်နယ်နေ အမျိုးသား ခုနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို တွေ့ရှိခဲ့သည်။
ပူးပေါင်းအဖွဲ့၏ စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့အနက် တရုတ်နိုင်ငံသား ငါးဦးနှင့် အမျိုးသမီး တစ်ဦးတို့မှာ ပတ်စ်ပို့ပါရှိပြီး ကျန်နှစ်ဦး မှာ ပတ်စ်ပို့မပါရှိကြောင်း၊ ၎င်းတို့အား ရှမ်းပြည်နယ် လားရှိုးမြို့ဘက်မှ မြဝတီမြို့ ဘက်သို့ တင်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရသဖြင့် မြဝတီခရိုင် လဝကရုံးသို့ ပို့ဆောင်ပြီး မြို့နယ်လဝကအဖွဲ့မှ ဆက်လက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ထိုရှစ်ဦးသည် မည်သည့်ပြည်ဝင်ခွင့် အထောက်အထား လက်မှတ်မပါရှိဘဲ ဇန်နဝါရီလ ၉ ရက်တွင် တရုတ်နိုင်ငံ ကျယ်ခေါင်မြို့မှ နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်၍ မြန်မာနိုင်ငံ မူဆယ်မြို့သို့ တရားမဝင်ခိုးဝင်လာကြောင်းနှင့် ယာဉ်မောင်း ဦးတင်မျိုးလွင် နှင့် ဦးညီညီတို့က တရားမဝင် ဝင်ရောက်လာသူများအား အားပေးကူညီခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ဖမ်းဆီးရမိခဲ့သူများကို ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ-၃(၁) ကို ကျူးလွန်သဖြင့် ယင်းအက်ဥပဒေပုဒ်မ- ၁၃(၁)/၁၃(၅) အရ အမှုဖွင့်အရေးယူပေးပါရန် မြဝတီမြို့နယ် ဒုလဝကမှူးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြဝတီမြို့မရဲစခန်းတွင် (ပ)၄၁၆/၂၀၂၀၊ လဝကအက်-၁၃(၁)/ ၁၃(၅)ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးလျက်ရှိသည်။
သတင်း – တင့်ဇော်ထွန်း(MMTIMES)