လူမှုကွန်ရက် ညစ်ညမ်း စာမျက်နှာပေါ်၌ ဓာတ်ပုံယူသုံးခဲ့သူကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်
|ပန်းတောင်းမြို့နယ်တွင် လူမှုကွန်ရက် ညစ်ညမ်း စာမျက်နှာပေါ်၌ ဓာတ်ပုံယူသုံးခဲ့သူကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ဇွန် ၁၂ ရက်က ရဲတပ်ဖွဲ့မှ သိရသည်။
ဇွန် ၁ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် ပန်းတောင်းမြို့နယ် ကိုင်းကြီး ကျေးရွာအုပ်စု ဌက်ဝ ကျေးရွာနေ အသက်(၂၀)နှစ် အရွယ် အမျိုးသမီးသည် ကျေးရွာထဲသို့သွားစဉ် တစ်ရွာတည်းနေ မျိုးကိုလတ်က “နင့် ဓါတ်ပုံကို လက်ပေါ်(ခ)သူရဇော်က Facebook မှာ ယူသုံးထားတာ တွေ့တယ်”ဟု ပြောပြသဖြင့် သိရှိခဲ့သည်။
ယင်းနေ့ ည ၈ နာရီ အချိန်တွင် တစ်ရွာတည်းနေ ရဲထက်ခိုင်က လက်ပေါ်(ခ) သူရဇော် အသုံးပြုသည့် ဆက်စီမင်းသား facebook. Account တွင် ယူသုံးထားသည့် ဓာတ်ပုံအား လာရောက်ပြသဖြင့် ကြည့်ရူ့ခဲ့ရာ ၎င်း၏ ဓာတ်ပုံဖြစ်နေကြောင်းသိရပြီး ဆက်စီမင်းသား အကောင့်တွင် ညစ်ညမ်းပုံများနှင့် တွဲလျက် ဖော်ပြထားသည်ကို တွေ့ရသည်ဟု ဆိုသည်။
စုံစမ်းချက်အရ အကောင့်ပိုင်ရှင်မှာ လက်ရှိ ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် ပန်းတောင်းမြို့နယ် ဇရပ်လှကျေးရွာအုပ်စု ဇရပ်လှကျေးရွာနေ လက်ပေါ်(ခ)သူရဇော် ဖြစ်ကြောင်း သိရသည်။ ဆက်စီမင်းသား အကောင့်တွင် ညစ်ညမ်းပုံများနှင့် တွဲလျက်ဖော်ပြကာ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ဂုဏ်သိက္ခာ ကျဆင်းအောင် အသရေ ဖျက်ခဲ့သူ လက်ပေါ်(ခ)သူရဇော်အား ကိုယ်တိုင် လာရောက် တောင်းပန်ပါက ခွင့်လွှတ်မည်ဖြစ်ကြောင်း သူရဇော်၏ ဖခင်ဖြစ်သူ ဦးမောင်ပုမှတစ်ဆင့် ပြောကြားခဲ့သော်လည်း ယနေ့အချိန်အထိ လာရောက် တောင်းပန်ခြင်း ဖြေရှင်းပေးခြင်း မရှိသဖြင့်အရေးယူပေးရန် သက်ဆိုင်ရာသို့ ဇွန် ၁၁ ရက်နေ့တွင် တိုင်ကြားခဲ့သည်။
ဥသျှစ်ပင်နယ်မြေရဲစခန်းက (ပ)၇၂ / ၂၀၂၀၊ ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆(ဃ) အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ရေး စုံစမ်းလျက်ရှိသည်။
သတင်း – တိုးဝေအောင်(MMTIMES)