fbpx

ဒေဗစ်လား လူစုလူဝေးလုပ်ခဲ့တာကို သက်သေမပြနိုင်ဘူးလို့ ရှေ့နေပြောကြား

ဇွန်(၁၀)ရက်၊ ၂၀၂၀။

ကနေဒါနိုင်ငံသားခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လား လူစုလူဝေးပြုလုပ်ခဲ့တာတွေကို တရားလိုနဲ့ လိုပြသက်သေတွေက သက်သေမပြနိုင်ခဲ့ဘူးလို့ ဒေးဗစ်လားရဲ့ရှေ့နေက ပြောပါတယ်။ စောဒေဗစ်လားနဲ့ အသံဖမ်းအင်ဂျင်နီယာ ဦးဝေထွန်းတို့ရဲ့ ဒီနေ့ဇွန်လ(၁၀)ရက်နေ့ မရမ်းကုန်းတရားရုံးမှာ လေးကြိမ်မြောက်ရုံးထုတ်ချိန် ပြောခဲ့တာပါ။

“ဒီနေ့စစ်ဆေးတဲ့အချိန်မှာတော့ လူစုလူဝေးနဲ့လုပ်ခဲ့တယ်ဆိုတာကိုဘယ်သူမှသက်သေမပြနိုင်ဘူး။ လူစုလူဝေး မလုပ်ဘူးဆိုတာတော့ အားလုံးသိအောင်သက်သေပြရမှာပါ။”လို့ စွပ်စွဲခံရသူတွေဘက်က လိုက်ပါဆောင်ရွက် ပေးနေတဲ့ရှေ့နေ ဦးအောင်ကြည်ဝင်းက ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေ (၄)ယောက်ကိုစစ်ဆေးခဲ့ပြီး စွပ်စွဲခံထားရတဲ့ဦးဝေထွန်းရဲ့ဖခင် ဦးတင်မောင်ထွန်း(ဘုရားကျောင်းတာဝန်ခံ)ကိုလည်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။တရားဟောဆရာစောဒေးဗစ်လားနဲ့ အသံဖမ်းအင်ဂျင်နီယာဦးဝေထွန်းတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ(၂၅)နဲ့ တရားလိုလုပ်ပြီး တရားစွဲထားတာပါ။

သူတို့ကိုတရားစွဲထားတဲ့ ပုဒ်မဟာ (၃)နှစ်ထက်မပိုတဲ့ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။တရားဟောဆရာ စောဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ရဲ့နောက်ရုံးချိန်းကို ဇွန်လ( ၁၆)ရက်နေ့ ပြန်ချိန်းဆိုထားပြီး ဆရာဝန်တွေကို စစ်ဆေးသွားမယ်လို့သိရပါတယ်။

သူတို့ဟာ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးကာလမှာ လူစုလူဝေးမလုပ်ရအမိန့်ကို ချိုးဖောက်ပြီး မရမ်းကုန်း မြို့နယ်မှာ ဘာသာရေးအခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့တာကြောင့်ဆိုပြီး တရားစွဲခံထားရတာပါ။ဘာသာရေးအခမ်းအနားကတစ်ဆင့် ကိုဗစ်ကူးစက်ခံရသူအရေအတွက်ဟာ မြန်မာနိုင်ငံတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ ကိုဗစ်လူနာတွေရဲ့ ထက်ဝက်ကျော်ရှိခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့အမှုကို မရမ်းကုန်းမြို့နယ်တရားရုံးမှာရက်ပေါင်း (၉၀)အတွင်း အပြီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။

Photo : ဇွန်လ(၈)ရက်နေ့က ရုံးထုတ်လာစဉ် Omedia

Add a Comment

Your email address will not be published. Required fields are marked *