“333 မိုင် 3 ဖာလုံ” က ချောက်ချားဖွယ် အဖြစ်အပျက်

ဟိုနေ့က ဘုန်းဘုန်းဦးဇောက ၃၃၃မိုင် ၃ဖာလုံမှာ ပုံလေးရိုက်ထားတာ တင်ထားလို့ ထူးခြားတာ ရှိခဲ့တယ်လို့ မန့်လိုက်သေးတယ်။ ဒီနေ့ အဲ့ထူးခြားတာကို ပြောပြ မလို့ပါ။ ဖတ်ရုံဖတ်ကြည့်ပေါ့ဗျာ ။ ဖြစ်နိုင်တာ မဖြစ်နိုင်တာထက် အဲလို ရှိဖူးတယ် ဆိုတာ ပြောပြချင်ရုံပါ။

၃၃၃ မိုင် ၃ ဖာလုံ ဆိုတာ အမြန်လမ်းမကြီးပေါ်က မိုင်တိုင်တခုပါပဲ။ ကျွန်မတို့က ပြင်စည်လမ်းကနေ အမြန်လမ်းပေါ်တက်လေ့ ရှိပါတယ် ။ အဲဒီ နေရာကိုလည်း နေ့နေ့ ညည ဖြတ်သွားနေကျပါပဲ။ ထူးခြားတာဖြစ်တယ်ဆိုတဲ့ တခေါက်ကတော့ အမျိုးသား အပေါ့ သွားမယ်ဆိုတာက စ တာပါ။ ၃၃၃ မိုင် ၃ ဖာလုံကျမှ အမှတ်တရ ဓာတ်ပုံရိုက်ရင်း အပေါ့ ဆင်းသွားမယ်လို့ သူကပြောပြီး ရန်ကုန်ဖက်က လာရင် လမ်း ညာဖက်ခြမ်းပေါ့ အဲ့နေရာမှာရပ်ပါတယ် ။ လမ်းပုခုံးသား ဘေးက တမာပင် ခပ်အုပ်အုပ်လေးရှိတဲ့ဖက်ကို သူက အပေါ့ဆင်းသွားပါတယ်။ ကျွန်မက ကားတံခါးဖွင့်ထားလျက်နဲ့ ထားခဲ့ပြီး လမ်းလျှောက်ရင်း မိုင်တိုင်ကို ဓာတ်ပုံရိုက်ပါတယ်။

သူ့ကိုလည်း ငါတို့ ချဲထိုးရအောင် ဘာညာ လှမ်းပြောရင်းပေါ့ ။ အဲ့ အချိန် သူ ပြန်လာတော့ သူအပေါ့သွားတဲ့ တမာပင် ရဲ့ကိုင်းမှာ laptop အိတ်တလုံးချိတ်ထားတာကို သူရော ကျွန်မရော မြင်ပါတယ် ။ မြင်ပေမဲ့ အမှတ်တမဲ့ပါပဲ ။ သူ့ကို မိုင်တိုင်နဲ့တွဲ ဓာတ်ပုံရိုက်ပေးပြီး ကားပေါ်ပြန်တက် မောင်းထွက်လာတာပေါ့ ။ မောင်းလာလို့ ကိုက်တရာလောက်ပဲ သွားရသေးတယ် လင်မယားနှစ်ယောက်လုံး အတော်ဆိုးတဲ့ အနံ့ကြီးကို ရပါတယ်။ ပုပ်စော်လိုလို နဲ့ အနံ့ ရတည်းက မူးသွားတာပါပဲ။ သူက အနံ့ရတာ ကျွန်မကို မပြောပါဘူး။ ကျွန်မက ကားဘုရားကို လှူထားတဲ့ စံပါယ်ပန်းက ရတဲ့အနံ့လား ဆို နမ်းကြည့်တော့မှ အနံ့ နံသလားမေးပါတယ်။ ဟုတ်လို့ပြောတော့ သူက ငါ့မိန်းမရေ သိပ်တော့မဟုတ်ဘူးဟေ့ ဆိုပြီး နှစ်ယောက်သား အမျှအတန်းပေးဝေ ကားမှန်တွေချ အပြင်လေ ဝင်အောင်လုပ်ပြီး အနံ့ ပျောက်ပြီ ဆိုမှ မှန်ပြန်တင်ပါတယ်။

ကားအဲကွန်းတော့ဖွင့်ထားတာပါ။ အဲလိုနဲ့ မန်းတလေးရောက်တဲ့ထိလည်း မနံတော့ပါဘူး။ ကျွန်မ ဆေးသွားပြတာမို့ ကားကို ဆေးခန်းတွေရှေ့ နေပူတွေထဲရပ်ထား ၊ ပြီး ပြန်တက်မောင်း ဘာအနံမှမရပါဘူး။ နောက်ဆုံး သွားဆေးခန်းဝင်ပြပြီး ပြန်တော့ မိုးချုပ်စပြုပါပြီ ။ ကျွန်မက သွေးကျဲဆေး သောက်နေရတာဆိုတော့ သွား လုပ်တာက သွေးအတော်ထွက်ပြီးမူးနေတော့တာ။ ဒါနဲ့ ကိုယ့်ဘာသာကြည့်ပြီး ဖြေးဖြေးမောင်းတော့ ကျွန်မ မူးနေလို့ အိပ်လိုက်ခဲ့မယ်ဆိုပြီး မှိန်းလိုက်လာတာပေါ့ ။ အဲ့အထိလည်း ဘာအနံ့မှမရပါဘူး ။ နောက် တံတားဦးလမ်းနားက BOC မှာ ဆီဝင်ထည့်ပါတယ် ။ အပေါ့အပါးဆင်းသွားပြီး ကော်ဖီအေး တဗူးသောက်လိုက်တော့ လူက လန်းသွားလို့ မဟာသမယသုတ်ရွတ်ဖို့လုပ်ပါတယ်။ ကျွန်မက ညနေတိုင်း ပူဇော်တာပါ ။ အဲဒါ ပူဇော်ဖို့ ဧဝံ မေသုတံ ပဲ ရှိသေး အနံ့ကြီးက ထောင်းခနဲ ထလာပါရော။

ညကြီး ရှစ်နာရီလောက် အမြန်လမ်းပေါ် ကားပေါ်လဲ လင်မယားနှစ်ယောက်ထဲ ကျွန်မ ကြောက်လိုက်ပုံ မပြောပါနဲ့တော့ ။ ယောက်ျားကလဲ နင် မဟာသမယ မဖြစ်ဘူး မေတ္တာသုတ်အရင်ရွတ်ဟ ဆိုပြီး မေတ္တာသုတ်ရွတ် ၊ အစောင့်အရှောက်တွေ နယ်ပိုင်ကွင်းပိုင်တွေ မေတ္တာရပ်ခံ အာဋာနာဋိယသုတ်ရွတ် ကားပေါ်မှာပါလာရင်လဲ ဆင်းနေခဲ့ပါပေါ့ တတ်သမျှ မှတ်သမျှ ပြောဆို ပြီး ကြောက်ကြောက်နဲ့မောင်းလာကြတာ ။ အဲ့မိုင်တိုင် ကျော်တော့ အနံ့ မရတော့ပါဘူး။ ဒါနဲ့ အိမ်ပြန်ရောက်ရောဆိုပါတော့။ ခါတိုင်း သုံးနာရီလောက်မောင်းရပေမဲ့ အဲ့နေ့က နှစ်နာရီခွဲလောက်နဲ့ ပြန်ရောက်လာခဲ့ရောပေါ့ဗျာ။ အဲ့မှာ ဇာတ်လမ်းပြီးပြီထင်တာ။ မပြီးဘူးဗျာ ။ အဲ့နောက်ပိုင်း ဘယ်သွားသွား ကားပေါ် ကျွန်မ ပါရင် နံ တော့တာ ။ အဲကွန်းတွေ ရေတိုင်ကီတွေ အကုန်ပြန်လုပ် ။ မရဘူး နံတာပဲ။ ကျွန်မပါမှ နံတာ။ အဲ့ အနံ့ ရပြီဆိုရင်လဲ ကျွန်မက မူးသွားပြီး လူမမာလုံးလုံးဖြစ်သွားရော။ နှစ်ရက်လောက်မထနိုင်ဘူး။

ဒါနဲ့ ကျွန်မ ယောက္ခမများက သူတို့မိတ်ဆွေ အကြားအမြင် ဆရာမဆီ ခေါ်သွားပါတယ်။ ဆရာမက ဟောစားတဲ့သူမဟုတ်ပါဘူး ။ တကယ်တော့ သမထ သမားပါ။ သူ့ဆီရောက်တော့ သူက ဘာပြောလဲဆိုတော့ သမီးတို့ကားပေါ် ပါလာတာ ဟုတ်တယ်တဲ့ ။ အမျိုးသမီး အသက် ၂၅နှစ်လောက်အရွယ်တဲ့ ။ ကားက ချိတ်ဆွဲသွားလို့ မျက်နှာတခြမ်းက ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်တဲ့။ သူက အဲ့နားမှာ တခြား ပရလောကသားတွေ အနှိပ်စက်ခံပြီး ပြေးလွှားနေ နေရတာ တဲ့။ သမီးတို့ကား ကို တံခါးဖွင့်ထားလို့ သူက တက်ပုန်းရင်း ပါလာတာတဲ့ ။ နယ်ကျော်သွားလို့ ပြန်မရဘူး။ သမီး ဆွမ်းသင်္ကန်းလှူပေးပြီး ပရိတ်ရွတ်လိုက်ပေါ့တဲ့။အဲဒါနဲ့ အကို ဦးဇင်းတွေကို လျှောက်ပြီး ကားကို ပရိတ်ရွတ်ဖို့လုပ်တာပေါ့။ ဆွမ်းချိုင့်ပို့ သင်္ကန်းကပ် ပဏိတ်နာ ။ စိတ်ရှင်းပြီ အေးဆေးပဲပေါ့နော်။


တကယ်က မအေးဆေးဘူးဗျာ။ ကျွန်မတို့ အဲလိုတွေဖြစ်နေတာ တလလောက်ကြာပါတယ်။ နောက်တခါ ဆေးပြသွားဖို့ မန္တလေးသွားတော့ ကျွန်မယောက်ျား ဖုန်းနဲ့ ကားပေါ်မှာ သီချင်းဖွင့်လာပါတယ် ။ အဲဒါ နထိုးနက မင်းစုံတောင်ဘေးမဲ့တော ကွေ့လဲ ရောက်ရော ကား ဆောင်းဘောက်ကနေ အထိတ်တလန့် အသံနဲ့ ကျွန်မကို ကယ်ကြရှင် ကယ်ကြပါ ကယ်ကြပါ လို့ (၃)ခါ တိတိ အော်သံထွက်လာပါတယ်။ အဲဒါနဲ့ ကျွန်မတို့ လင်မယား ရုတ်တရက် လန့်ပြီး ကားရပ် ပါတယ်။ သီချင်းက မွန်းအောင်သီချင်း ဖွင့်ထားတာပါ။ radio က မဟုတ်ပါဘူး ။ mp3 ဖွင့်ထားတာပါ ။ ကားရပ်ပြီးချိန်မှာ တက္ကသိုလ် သီချင်းတပုဒ် ပြောင်းသွားပါတယ်။ သူ့ ဖုန်းထဲမှာ သီချင်းက မြကျွန်းညိုညို တခွေရယ် မွန်းအောင်တခွေရယ် ထူးအိမ်သင်တခွေရယ်ပဲ ပါတာပါ။ ရှိသမျှ အသံဖိုင်အားလုံးမှာလဲ အဲ့ ကယ်ကြပါဦးရှင်ဆိုတာ မပါပါဘူး။ ကြားလိုက်ရတာ လင်မယားနှစ်ယောက်လုံးပါ။ အသံက အထိတ်တလန့်ဖြစ်နေတာကလွဲလို့ ကြည်ကြည်လင်လင်ပါပဲ။

ဒါနဲ့ မန္တလေးမသွားတော့ပဲ ပြန်လာကြပါတယ် ။ ပြန်လာတော့လည်း အနံ့က ပြန်နံ လာပါတယ်။ မနက်ပိုင်းဆိုတော့ ညလောက် မကြောက်ပါဘူး။ အိမ်ပြန်ရောက်တော့ မဖြစ်ဘူး ဆိုပြီး မြတောင်ညို ဆရာတော်ကြီးတပည့် ဝိဇ္ဇာလမ်း လိုက်နေတဲ့ အကို တပါးကို သွားလျှောက်ကြပါတယ်။ သွားလျှောက်တော့ သူက ညနေလေးနာရီလောက်လာဖို့ နဲ့သူ အစီအရင်တွေလုပ်ပေးမယ်လို့ မိန့်လိုက်တော့ပြန်လာကြပေါ့လေ။ ညနေကျ သွားကြရော ။ ဇာတ်လမ်းက ခုမှ အမြင့်ဆုံးရောက်မှာ။ အဲ့မှာ ရောက်တို့ ဘုန်းဘုန်းက ရေတပုလင်းကို မန်းမှုတ် ရွတ်ဖတ်ပါတယ်။ ဘုရားရှေ့ပေါ့။ အဲ့ အချိန် ကျွန်မက ဘယ်ဘက်တခြမ်းလုံး ကြက်သီးတွေ တဖြန်းဖြန်းထပြီး

ခေါင်းက ဆံပင်တွေပါ ထောင်ထောင်လာသလိုပါပဲ။ အမျိုးသားကို ကိုကြီး ငါ ငိုချင်နေတယ်လို့ ပြောတာလဲ ကိုယ့်ကို မှတ်မိပါတယ် ။ ဒါပေမဲ့ ကိုယ်ထိုင်နေတာကို ကိုယ်ပြန်ကြည့်နေရသလို ကြောင်ကြောင်ကြီးဖြစ်နေတာလဲ သိနေပါတယ်။ ဘုန်းဘုန်းက ကဲလာ ကားပေါ်သွားမယ်ဆိုပြီး ကျောင်းထဲကနေ ကားနားသွားတော့ ကျွန်မက သိသလို မသိသလိုနဲ့ ကားပေါ်မှာသူက ရွတ်ဖတ်ပြီး အမိန့်ပြန်ပါတယ်။ အမိန့်ပြန်တာကို ကောင်းကောင်းသိပြီး သမီး ငိုချင်နေတယ်လို့ လျှောက်လိုက်ပါသေးတယ်။ လျှောက်ပြီးတော့ သူက ကဲ ကားပေါ်တက် တံတားထိမောင်းလို့ ပြောလို့ အမျိုးသားက ကားပေါ်တက်ပြီးမြို့အထွက် တံတားဖက်ကို မောင်းပါတယ် ။ ကျွန်မ ငိုင်တိုင်တိုင်နဲ့ လိုက်လာလို့ ဘုန်းဘုန်းက သမီး သမီးနဲ့ တချိန်လုံး ခေါ်လာတာပါ။ တံတားမရောက်ခင်မှာပဲ အသိလွတ်သွားပြီး တအား အော်တော့တာပါပဲတဲ့။ ခု စရေးမှာတွေက သူတို့ပြောတာတွေပါနော်။

ကျွန်မ တအားအော်ပြီးတအားငို တော့ ဘုန်းဘုန်းက ကားကိုပြန်လှည့်ခိုင်းပြီး ပရိတ်ပူဇော်ပေးတဲ့ အကိုတွေကျောင်းကို မောင်းခိုင်းပါတယ်။ ငါးမိနစ်သာသာလောက် မောင်းရတာပါ။ ဝူးဝူးဝါးဝါးတွေ ပြောပြီး တအား အော်ငိုတာတဲ့ ။ ကျောင်းရောက်တော့ ကားပေါ်က ဆင်းခိုင်းလို့ မရပါဘူးတဲ့ ။ ကူရှင်ကို မျက်နှာအပ်ပြီး တအားအော်ငိုနေတာပါတဲ့။ဒါနဲ့ အမျိုးသားက ပွေ့ပြီး ကျောင်းပေါ်တင်ပေးပါတယ်။ အကိုတွေလဲ ဘာဖြစ်လာလဲလို့ အံ့သြနေကြတာပါ။ ပါလာတဲ့ ဘုန်းဘုန်းက ပြောပြတော့ အကိုတပါးက ဘာဖြစ်ချင်လဲ ပြောပါ ဘာလို့လဲ နားလည်အောင် ပြောပါလို့ မေးတော့ အိမ်ပြန်ချင်လို့ပါ လို့ ပြောတယ်တဲ့။ ဘုရားရော အကိုတွေရောဦးမချပါဘူးတဲ့။ မျက်နှာကို လက်သီးဆုပ်နှစ်ဖက်နဲ့ အုပ်ထားပြီး အော်ငိုတာတဲ့။ ကျွန်မ အော်ငိုတဲ့ အသံကို ကျောင်းဘေး

ပေ၃၀ လောက်ဝေးတဲ့ အိမ်က ကြားရပါသတဲ့။ အိမ်ပြန်ချင်တယ်ပြောလို့ ဘုန်းဘုန်းတပါးက ဘယ်ပို့ပေးရမလဲ မေးတော့လဲ မပြောတတ်ဘဲ ခေါင်းရမ်းနေပြီး ပြန်ပို့ပေးပါနော်လို့ချည်း ပြောနေသတဲ့။ ဒါနဲ့ အဲ့လမ်းကြောကျွမ်းတဲ့ အကိုတပါးနဲ့ အမျိုးသားက ရွာစဉ်ပြောမေးတော့မှ အမြန်လမ်းပေါ် တိုးဂိတ်နားမှာ ရဲကင်းရှိတယ်လို့ အဖြေရပါသတဲ့။ အကို ဆရာတော်တွေကလဲ တို့လိုက်ပို့မယ် ခု မနှောက်ယှက်နဲ့ မနက်ဖြန်မနက် ၇နာရီ နင့်ကို လာခေါ်မယ် အခု နင်ကားပေါ်မှာအေးအေးဆေးဆေးနေ ဆိုတော့ခေါင်းငြိမ့်သတဲ့။ ငါတို့အမျှဝေတာမရဘူးလားဆိုတော့ ငြိမ်နေပြီး ဘာမှမပြောဘူးတဲ့ ။ ငါ့နှမရေသောက်မလားဆိုမေးတော့ခေါင်းငြိမ့်ပြသတဲ့ ။ ပရိတ်ရေတိုက်တော့ အကုန်ထွေးထုတ်ပြီး အဲတော့မှ ကန်တော့ခိုင်းလို့ရပါတယ်တဧ့ ။ မျက်နှာကို လက်သီးဆုပ်ပြီးကာထားတာ ရဟန်းသုံးပါးဝိုင်းဖြည်တာ လက်သီးဆုပ်မပြည်ပါဘူး။သူ့ဘာသူ ကန်တော့ပြီး ပြန်ထွက်သွားတယ်ထင်ရပါတယ်။ ကျွန်မ အသိပြန်ကပ်တော့ ရေတွေစိုရွဲ ချွေးတွေရောမျက်ရည်တွေရောပါ။ ထူးဆန်းတာက ရိုက်ကြီးတငင်အော်ငိုပေမဲ့ မမောသလို အသံလဲ မဝင် လည်ချောင်းလဲ မနာပါဘူး။ ဒါနဲ့ သူတို့လဲ ပရိတ်အကာအကွယ်လုပ်ပေးကြပြီး ကျွန်မတို့ပြန်လာပါတယ် ။

ညအိပ်တော့ကြောက်စိတ်နဲ့နိုးတဝက်ဖြစ်နေပြီး ကျွန်မ ဘယ်ဘက် လက်ဖဝါးကို လက်သည်းချွန်ချွန်နဲ့ ခနခန လာကုတ်တယ်လို့ ခံစားရပါတယ်။ မနက် ဘုန်းဘုန်းတွေ ကြွမလာခင် မိသားစု မနက်စာစားတော့ ထမင်းစားခန်းအပေါ်ကနေ ကျီးတကောင်က အ အ ဆိုပြီးကြောက်စရာအသံကြီးနဲ့အော်ပါတယ်။ ဒါနဲ့ အမေလည်း အပြင်ကို ထမင်းတို့မုန့်တို့ယူသွားပြီး ခြံပြင်မှာ ချကျွေးခဲ့ရော။ ဘုန်းဘုန်းတွေကြွလာတော့ ကျွန်မ မနေ့က ဝတ်ထားတဲ့ အဝတ်အစား ဖိနပ် စတာတွေယူ တမာကိုင်းနဲ့ အိမ်နဲ့ကားရော ကျွန်မရောပုတ်ပြီး ခေါ်ပါတယ်။

တမာကိုင်းပုတ်တဲ့ ဘုန်းဘုန်းက ပါတာသေချာပါတယ် အလေးကြီးပဲလို့ ပြောလို့ တခြားဘုန်းဘုန်းတွေပါ မကြည့်ကြပါတယ် ။ဟုတ်တယ်လို့ပြောပြီး သွားပို့တဲ့သူတို့အဖွဲ့က သွားပို့ကြ။ အိမ်မှာကျန်တဲ့တဖွဲ့က တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ခိုင်းပြီး ပရိတ်ပူဇော်ပေးကြပါတယ်။ ဆေးတချို့လည်းတိုက်ပါတယ်။ သွားပို့တဲ့ အဖွဲ့ ပြန်လာတော့ သူပြောတဲ့ ရဲကင်းရှိတဲ့ တိုးဂိတ်ဘေးမှာ အိမ်တလုံးရှိတယ် ခြံ လုပ်ထားတဲ့ထဲမှာလို့ ပြောကြပါတယ်။ အဲ့နောက်တော့ ဘာနံ့မှလည်း မရ ဘာမှလည်း မဖြစ်တော့ဘဲ အခု ကျန်းမာပကတိ ချမ်းသာစွာရှိပါကြောင်း။ကျွန်မတို့လင်မယား အမြန်လမ်းကနေ မသွားတော့တာလဲ အဲ့အချိန်တည်းက ဖြစ်ပါကြောင်း ။

ဤအကြောင်းရာမှာ အမတစ်ယောက်၏ ကြုံ‌တွေ့ခဲ့ရသော အဖြစ်မှန်ကိုရေးထားခြင်းဖြစ်ပါ၍ ဝတ္ထုမဟုတ်ပါခင်ဗျာ။လိုအပ်ချက်များရှိခဲ့လျှင်တောင်းပန်ပါတယ်ခင်ဗျာ စာဖတ်သူများအား ကျေးဇူးအထူးတင်ရှိပါတယ်။

True story from Ma Mya Ye Nandar.

Add a Comment

Your email address will not be published. Required fields are marked *