မိတ္ထီလာ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်၏ KBZ Pay ကို အဆင့်မြှင့်တင်ပေးမည်ဟု ဖုန်းဆက်ပြောဆို၍ လျှို့ဝှက်နံပါတ်တောင်းပြီး ကျပ် ၁၀ သိန်း ထုတ်ယူသွားသူူကို ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်

မိတ္ထီလာမြို့ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်အား ဖုန်းဆက်ကာ KBZ Pay ကို အဆင့်မြှင့်တင်ပေးရန် လျှို့ဝှက်နံပါတ်တောင်းယူပြီး ကျပ် ၁၀ သိန်းထုတ်ယူသွားသော အမည်မသိ အမျိုးသမီးကို ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧပြီ ၂၉ ရက်က မိတ္ထီလာ တောမကျေးရွာအနီးရှိ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်မီမီခင် (၅၂ နှစ်) သည် ပါမောက္ခချုပ် ရုံးခန်းတွင် ရှိနေစဉ် မိန်းကလေးအသံဖြင့် ဖုန်းနံပါတ် ၀၉-၇၇၉၆—- မှဆက်သွယ်ကာ KBZ Pay အဆင့်မြှင့်တင် ပေးလိုပါသဖြင့် မှတ်ပုံတင်၊ မွေးသက္ကရာဇ် တောင်းခံခြင်း၊ Pin နံပါတ် တောင်းခံခြင်း၊ ဘဏ်လျှို့ဝှက်နံပါတ် တောင်းခံခြင်း ပြုလုပ်သဖြင့် ဒေါ်မီမီခင်က ဘဏ်လျှို့ဝှက်နံပါတ် ပေးပြီးနောက် KBZ Pay မှငွေသုံးသိန်း ထုတ်သွားကြောင်း Message ပေးပို့ခဲ့သဖြင့် ဒေါ်မီမီခင်က အဆိုပါ ဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းရာ စိတ်မပူရန်နှင့် ယခင် Message ပြန်ဝင်လာခြင်းဖြစ်ကြောင်း၊ အဆင့်မြှင့်တင်မှု ပြုလုပ်သဖြင့်  ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း ပြောဆိုပြီး အဆိုပါနေ့ တစ်ရက်အတွင်း ငွေကျပ်သုံးသိန်းစီ သုံးကြိမ်၊ ငွေကျပ်တစ်သိန်း တစ်ကြိမ် စုစုပေါင်း ကျပ် ၁၀ သိန်း ထုတ်ယူသွားခဲ့သောကြောင့် ဘဏ်ဝန်ထမ်းယောင် ဆောင်ပြီး ဖုန်းဆက်ပြောကြားကာ ဒေါ်မီမီခင်၏ ဘဏ်အကောင့်မှ ကျပ် ၁၀ သိန်းထုတ်ယူသွားသူ အမည်မသိ အမျိုးသမီးအား အရေးယူပေးရန် ဒေါ်မီမီခင်က တရားလိုပြုလုပ်ကာ ဇွန် ၈ ရက်တွင် အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“၆၆ (ဂ) မှာ ဖော်ပြထားတာက ဆက်သွယ်ရေးကွန်ရက်ကို သုံးပြီးတော့ ငွေကြေးနဲ့ အခြားပစ္စည်း တစ်ရပ်ရပ်ကို ခိုးတာ၊ လိမ်တာ၊ အလွဲသုံးစားပြုတာတာ ဒါမှမဟုတ် ပျက်စီးစေခြင်းလုပ်တာ အဲဒီအချက်တွေပါတယ်။ ဥပမာ ဇဏ်ခီတို့ နာမည်ကြီးတော့ ဥပါတံမျဉ်ရုပ်ရှင်ကို အွန်လိုင်းတင်သူကိုလည်း ၆၆ (ဂ) နဲ့ တရားစွဲတာပဲ။ စုကြေးကိစ္စတွေမှာ ဖုန်းနဲ့ငွေလွှဲ လိမ်တာတွေမှာလည်း ၆၆ (ဂ) နဲ့ တရားစွဲကြတာပဲ။ ပြစ်မှုပြစ်ဒဏ်ကျတော့ အများဆုံး ထောင်သုံးနှစ်ကျနိုင်တယ်။ ငွေဒဏ်လည်း ချလို့ရတယ်” ဟု မိတီလာမြို့နေ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှုအား မိတ္ထီလာမြို့ အမှတ် (၂)နယ်မြေရဲစခန်းက (ပ)၂၄၁/၂၀၂၀ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဂ) ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Add a Comment

Your email address will not be published.