fbpx

ဖောက်ခွဲရေးပစ္စည်းများနှင့်အတူဖမ်းမိထားသည့် ၆ ဦးအား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် စွဲချက်တင်

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်အတွင်းရှိ နေအိမ်တစ်လုံးတွင် ဖောက်ခွဲရေးပစ္စည်းများနှင့် အတူဖမ်းဆီးရမိခဲ့သော အေအေ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအပါအဝင် ၆ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် စွဲချက်တင်လိုက်ကြောင်း မန္တလေးခရိုင်တရားရုံးမှ သိရသည်။

ခရိုင်တရားရုံးက ယင်းအမှုအတွက် တရားလိုပြသက်သေ ၁၉ ဦးအား စစ်ဆေးခဲ့ပြီးနောက် စွဲချက်တင်ခဲ့ခြင်းဖြစ်ကာ ပြန်ခေါ်သက်သေ ၂ ဦးအား ယခုလ ၂၃ ရက်နေ့တွင်ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း ယင်းတရားရုံး သတင်းပြန်ကြားရေး အရာရှိ ဦးကျော်ကျော်မိုးက ပြောသည်။

”တရားခံများအပေါ်ကို စွဲချက်တင်တဲ့အခါမှာ တရားလိုပြသက်သေတွေကို စစ်ဆေးပေါ်ပေါက်ချက်အရ အကြမ်းဖက်အုပ်စုတစ်စုတွင် သိလျက်နဲ့ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ငြိစွန်းချက်တစ်ချက်နဲ့ အကြမ်းဖက်မှု ဗုံးခွဲတိုက်ခိုက်မှု ကျူးလွန်ဖို့ ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းတွေကို ဖြန့်ဖြူးတာ၊ ပေးကမ်းတာ ဒါမှမဟုတ် လက်ဝယ်ထားတာ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သက်သေခံချက်တွေရှိလို့ စွဲချက်တင်ခဲ့တာဖြစ်တယ် ” ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ချမ်းမြသာစည်မြို့နယ် မြို့သစ် ၅ ရပ်ကွက်ရှိ နေအိမ် တစ်လုံးအတွင်းသို့ ဝင်ရောက်ရှာဖွေရာတွင် အေအေ လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့်အတူ Satellite Phone ( အသစ် ) အလုံး ၄၀၊ ရှာရှားထုတ် မှန်ပြောင်း ၃၀ ခု၊ GARMIN ( GPS+GLONASS) ၂၅ လုံး၊ ယမ်းတုံးဟု ယူဆရသော အထုပ် ၂၈ ထုပ် ၊ ဒီတိုနေတာ ၁၀ဝ ထုပ်ပါ ၁၀ ခု၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၁၅ လိပ်၊ စက္ကူညို ၁ ထုပ်၊ ယမ်းဖြူဟု ယူဆရသော ဆာလာအိတ် ၅ အိတ်အား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယင်းအတွက်ကြောင့် ဒုရဲမှူး ဇော်နိုင်က တရားလိုပြုလုပ်ကာ အောက်တိုဘာလ ၈ ရက်နေ့က မန္တလေးခရိုင် တရားရုံးတွင် အေအေ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၃ ဦးနှင့် စပ်ဆက်တရားခံ ၃ ဦး စုစုပေါင်း ၆ ဦးအား ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ)၊ ၅၂ (က) တို့ဖြင့် တရားစွဲဆိုခဲ့ကာ ကျန်တရားခံ ၃ ဦးအား တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်ပေးခဲ့သည်။

ဖမ်းဆီးရမိသော တရားခံ ၆ ဦးအနက် အောင်လင်းထက်က အေအေ လက်နက်ကိုင်တပ်ဖွဲ့၏ ဒုအရာခံဗိုလ်တစ်ဦးဖြစ်ပြီး ချမ်းငြိမ်း၊ မြတ်ခိုင်တို့က ဒုတပ်ကြပ်အဆင့်များဖြစ်ကြောင်း၊ ကျန်တရားခံ ၃ ဦးမှာ ကျောက်အရောင်းအဝယ်သမားနှင့် ပြည်တွင်း ကားဂိတ်တစ်ခုမှ ဂိတ်မှူးတစ်ဦးဖြစ်ကြောင်း ခရိုင်တရားရုံးထံမှ သိရသည်။

ဥပဒေပြဌာန်းချက်များအရ ပုဒ်မ ၅၁(ဂ) အတွက် အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ၁၀ နှစ် အထိလည်းကောင်း ငွေဒဏ်ကိုလည်းကောင်း ချမှတ်နိုင်ပြီး ပုဒ်မ ၅၂ (က) အတွက် အနည်းဆုံး ထောင်ဒဏ် ၃ နှစ် မှ အများဆုံး ၇ နှစ်ထိကိုလည်းကောင်း ငွေဒဏ်ကိုလည်းကောင်း ချမှတ်နိုင်ကြောင်း သိရသည်။

သတင်း – ကျော်ကိုကို(MMTIMES)

Add a Comment

Your email address will not be published. Required fields are marked *