ကော့ကရိတ် ဗုံးပေါက်ကွဲမှု ၃ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အမှတ် ၃ ရပ်ကွက် ရဲစခန်းလမ်းမှာရှိတဲ့ မြို့မရဲစခန်းရှေ့မှာ ဇွန်လ ၈ ရက်နေ့ ည ၈ နာရီလောက်က လက်ပစ်ဗုံး ပေါက်ကွဲခဲ့တာကြောင့် အနီးအနားမှာရှိတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“၃ ဦးလုံးကို ကော့ကရိတ်ဆေးရုံကို ပို့ထားပါတယ်။ ဒဏ်ရာတွေကတော့ မပြင်းထန်ပါဘူး” လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

ကော့ကရိတ် မြို့မ ရဲစခန်းရှေ့က BO BO ဖုန်းနဲ့ ဖုန်းအပိုပစ္စည်းရောင်းဝယ်ရေးဆိုင်ရှေ့၊ ရဲစခန်းရှေ့ မျက်နှာစာ အုတ်တံတိုင်းနဲ့ ၁၀ ပေ ခန့်အကွာမှာ လက်ပစ်ဗုံး ၁ လုံး စတင်ပေါက်ကွဲခဲ့တာ ဖြစ်ပြီး အနီးအနားက ရဲစခန်းရှေ့ ထီရောင်းနေတဲ့ အသက် ၂၉ နှစ် အရွယ် ဝင်းနိုင်စိုး၊ ဆိုင်ကယ် ကယ်ရီသမား အသက် ၃၃ နှစ်အရွယ် ဟိန်းဝင်းကျော် နဲ့ ရပ်ကွက်ထဲနေသူ တစ်ဦးဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရဲစခန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ည ၈ နာရီလောက် ပေါက်ကွဲမှုအပြီး ရှင်းလင်းရေးလုပ်စဉ် နောက်ထပ် လက်ပစ်ဗုံး ၁ လုံးကို BO BO ဖုန်းဆိုင်ရှေ့မှာ ထပ်မံတွေ့ခဲ့ရပါတယ်။ ရဲစခန်းရဲ့ ထုတ်ပြန်ချက်မှာတော့ အဲ့ဒီဗုံးကို အန္တရာယ်ကင်းစွာ ရှင်းလင်းနိုင်ဖု့ိ စီစဉ်ဆောင်ရွက်ထားရှိတယ်လို့ ဖော်ပြပါတယ်။

ဒေသခံတွေကတော့ ဒုတိယဗုံးကို စစ်တပ်မိုင်းအဖွဲ့က ည ၁၀ နာရီခွဲလောက်မှာ ဘောလုံးကွင်းကို ယူသွားပြီး ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

“လက်ပစ်ဗုံး ၂ လုံးဟာ အမေရိကန်နိုင်ငံလုပ် M-76 အမျိုးအစားတွေပါ၊ လုပ်ဆောင်သွားတဲ့ အဖွဲ့အစည်းကို စုံစမ်းဆဲပါ” လို့ ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ရဲစခန်းရှေ့ ရဲထားတဲ့ ဟွန်ဒါဖစ်ယာဉ်တစ်စီးရဲ့ ဝဲဘက်ဘေး တံခါးမှန် ၂ ချပ်ကွဲကြေ၊ ဝဲဘက်အရှေ့ တာယာ ၁ လုံးပေါက်၊ ယာဉ်ကိုယ်ထည် အောက်ခြေမှာ အပေါက်ငယ်လေးတွေ ဖြစ်ခဲ့သလို ရဲစခန်းရဲ့ ဝဲဘက်အခြမ်းမှာ ရပ်ထားတဲ့ NISSAN NOTE ခဲရောင် သက်သေခံယာဉ် နောက်မှန်ကြီးကွဲကြေနဲ့ ရဲစခန်းအနီးက ဟွန်ဒါဖစ် ယာဉ်လည်း နောက်ဖုံးအောက် အပေါက်ငယ်လေးတွေ ဖြစ်ခဲ့တယ်လို့ ရဲစခန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း – BBC Burmese

Add a Comment

Your email address will not be published. Required fields are marked *