မိတ္ထီလာက ဆရာဝန် ကို ဘာသာရေးပုဒ်မတွေနဲ့ နေ့ချင်းပြီး အမိန့်ချ

လူမှုကွန်ရက်ပေါ်မှာ သံဃာတော်တွေကို ဝေဖန်ခဲ့တဲ့ Kyaw Win Thant အကောင့်ပိုင်ရှင်ဆရာဝန်ကို မေလ ၁၉ ရက်နေ့က ဖမ်းဆီးထားခဲ့ပြီး သာသနာညှိုးနွမ်းစေမှုအပါအဝင် ဘာသာရေးစိတ်ကို နာကြည်းစေအောင် ဆောင်ရွက်မှုပုဒ်မ နဲ့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် တရားရုံးက ဇွန်လ ၂ ရက်နေ့ မှာ ထောင်ဒဏ် ၁ နှစ် ၉ လ ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်လို့ ချမ်းအေးသာစံမြို့နယ် မန္တလေးတိုင်း တရားရုံး ပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းက ပြောပါတယ်။

သူ့ကို ပုဒ်မ ၂၉၄ (ခ)အရ ထောင်ဒဏ် ၃ လနဲ့ ပုဒ်မ ၂၉၅ (က) အရ ၁ နှစ် ၆ လ သီးခြားစီ ကျခံစေဖို့ အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့လည်း ဦးကျော်မျိုးဝင်းက ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ် ဆရာဝန်တစ်ဦးဖြစ်တဲ့ Kyaw Win Thant အကောင့်ပိုင်ရှင် ကိုကျော်ဝင်းသန့်ဟာ သံဃာတော်တွေကို ဝေဖန်တဲ့စာတွေကို လူမှုကွန်ရက်ပေါ်မှာ မေလ အတွင်း ကရေးတင်ခဲ့ပြီးနောက် မိတ္ထီလာမြို့လူထုအကြား မကျေနပ်မှုများ ဖြစ်ပေါ်လာရာကနေ တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ သံဃာတော်တွေကို ပြင်းပြင်းထန် ပုတ်ခတ်ရေးသားခဲ့တဲ့သူ့က မိတ္တီလာမှာ မေလ ၁၉ ရက်နေ့မှာ လာရောက်တောင်းပန် ဖြေရှင်းတဲ့ပွဲလုပ်ခဲ့ပေမယ့် လူအုပ်ကို မထိန်းနိုင်ဖြစ်ခဲ့ပြီး ရဲက အဲဒီလူကို ဖမ်းပြီး ခေါ်ထုတ်သွားခဲ့ရတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။
မေလ ၁၉ ရက်နေ့က ဒေသခံတချို့က ရဲစခန်းထိ လိုက်လာတဲ့အတွက် သူ့ကို မန္တလေးမြို့ကို လွှဲပြောင်းပေးလိုက်ပြီး သာသနာညှိုးနွမ်းစေမှုနဲ့ အမှုဖွင့်ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ သိရှိထားကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက ပြောထားပါတယ်။

အခြေခံပညာ ဒသမတန်း သင်ရိုးသစ်မှာပါတဲ့ Sex Education အကြောင်းနဲ့ ဆက်စပ်ပြီး လူမှုကွန်ရက်မှာ ဝေဖန်ရင်း သူက ဗုဒ္ဓသာသာ သံဃာတော်ကို ဆဲဆိုခဲ့သလို အလုပ်မလုပ်သူတွေလို့လည်း ဝေဖန်ခဲ့ပါတယ်။

မိတ္တီလာမြို့က ဆရာတော်တွေကတော့ သူက နောက်ပိုင်း လူကိုယ်တိုင်လာ တောင်းပန်ပေမယ့် မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မဖြစ်ရေးအတွက် ဥပဒေကြောင်းအရပဲ ရှင်းဖို့ပြောခဲ့တဲ့အတွက် ပုတ်ခတ်ရေးသားခဲ့သူဟာ ဥပဒေကြောင်းအရ ရှင်းဖို့ ဖြစ်ခဲ့ပါတယ်။

Kyaw Win Thant အကောင့်ပိုင်ရှင်ဟာ ဒသမတန်း သင်ရိုးပါ Sex Education အကြောင်း ဝေဖန်ပြောကြားရင်း မိတ္တီလာမြို့ နဂါးရုံကျောင်းတိုက်က ကိုယ်တော်တွေဟာ မြို့လယ်က ဗီဒီယိုရုံမှာ လာကြည့်ကြတဲ့ အကြောင်း၊ ဘောလုံးပွဲလောင်းတဲ့အကြောင်း၊ လူတွေလုပ်တဲ့ အတိုင်း အကုန်လုပ်ပြီး၊ ကိုယ်တော်တွေက အလုပ်မလုပ်ကြကြောင်း စတာတွေကို ရေးသားခဲ့တာ တွေ့ရပါတယ်။

Sex Education အကြောင်း လူမှုကွန်ရက်မှာရေးသားရင်း သံဃာတော်တွေကို ပုတ်ခတ်ရေးသားခဲ့သူဟာ မိတ္တီလာမှာ နေထိုင်ခဲ့တဲ့ ဆရာဝန်တစ်ဦးဖြစ်ပြီး အခု ရန်ကုန်မြို့ မှာ နေထိုင်သူဖြစ်ကြောင်း သူ့မိဘတွေကတော့ မိတ္တီလာမှာ နေထိုင်သူတွေဖြစ်တယ်လို့လည်း မိတ္တီလာမြို့ခံ ကိုကျော်စိုးမိုးက ဘီဘီစီကို ပြောပါတယ်။

မိတ္တီလာမြို့ခံတွေဟာ သူ့ကို ဘုန်းကြီးကျောင်းကနေ ရဲတပ်ဖွဲ့ကခေါ်ထုတ်သွားစဥ်မှာ စိတ်ဆိုးဒေါသထွက်ကြပြီးတော့ ရဲကားကို လည်း ခဲတွေနဲ့ ပစ်ပေါက်တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့လည်း ကိုကျော်စိုးမိုးက ပြောပါတယ်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် တရားရုံးက ဇွန်လ ၂ ရက်နေ့ က သက်သေ ငါးဦးကို စစ်ဆေးခဲ့ပြီးသူက လည်း အပြစ်ရှိကြောင်းဝန်ခံတဲ့အတွက် နေ့ချင်းပြီး အမိန့်ချလိုက်တာဖြစ်တယ်လို့လည်း မန္တလေးဒေသခံ သတင်းထောက်တွေက ပြောပါတယ်။

သတင်း – BBC Burmese

Add a Comment

Your email address will not be published. Required fields are marked *