ရသေ့တောင်က ရဲကင်းစခန်းတစ်ခုကို အေအေက ဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင် ဆယ်ဦး၊ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ပျောက်ဆုံးနေဟုဆို


ရသေ့တောင်မြို့နယ်က သဇင်မြိုင်ရဲကင်းစခန်းကို အေအေက ဒီနေ့မေ ၂၉ ရက်မနက် ၂ နာရီခန့်မှာ အင်အားအလုံးအရင်းနဲ့ ဝင်တိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ပျောက်ဆုံးနေတယ်လို့သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းကြည့်တော့ ဟုတ်မှန်ကြောင်းအတည်ပြုပါတယ်။

သဇင်မြိုင်ရဲကင်းစခန်းရဲ့ ပင်မစခန်းနေရာကို အေအေ အင်အား ၁၀၀ လောက်က ဒီနေ့မေ ၂၉ ရက်မနက် ၂ နာရီခန့်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံခဲ့တယ်လို့ သိရပါတယ်။

မနက် ၅ နာရီလောက်မှာ အင်အားချင်းမမျှလို့ ပင်မစခန်းက ရဲတပ်ဖွဲ့ဝင်တချို့ ကာကင်းကုန်းစခန်းကို သွားရောက်ပူးပေါင်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တချို့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အဲဒီရဲကင်းစခန်းရှိရာနေရာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်စစ်ကြောင်းတွေက စစ်ကူးပေးနိုင်ရေး သွားရောက်ပူးပေါင်းဖို့ ဆောင်ရွက်နေတယ်ဆိုပါတယ်။

ရခိုင့်တပ်တော်အေအေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်ကလည်း ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနဲ့ ကျောက်တောင်ရဲကင်းစခန်း ၄ ခု၊ မတ် ၉ ရက်မှာ ပုဏ္ဍားကျွန်းမြို့နယ်က ယိုးတရုတ်ရဲကင်းစခန်း၊ ဧပြီ ၁၀ ရက်မှာ မြောက်ဦးမြို့ က ရဲတပ်ရင်းဌာနချုပ်၊ ဇူလိုင် ၁၆ မှာ ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေရဲကင်စခန်းတို့ကို တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကျဆုံးပြီး ၁၆ ဦးဒဏ်ရာရသလို ရဲတပ်ဖွဲ့ဝင်တချို့နဲ့ မိသားစုဝင်တချို့ ဖမ်းဆီးခံရတယ်လို့ တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

အကြမ်းဖက်မှုတွေကို အမြဲကျူးလွန်နေတဲ့ အေအေအကြမ်းဖက်သောင်းကျန်းသူ(မူရင်းထုတ်ပြန်ချက်တွင်ဖော်ပြချက်အတိုင်းဖြစ်ပါသည်) ကို ထိရောက်တဲ့ တန်ပြန်အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်းရေး ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

အေအေကို အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ပြီးခဲ့တဲ့လပိုင်းကကြေညာထားတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အေအေဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားတာ မတွေ့ရသေးပါဘူး။

တပ်မတော်နဲ့ ရခိုင့်တပ်တော်အေအေတို့ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတည်းက တိုက်ပွဲတွေစတင်ဖြစ်ပွား၊ ပြင်းထန်ခဲ့တာဖြစ်ပြီး တစ်နှစ်ခွဲနီးပါး ကာလအတွင်း စစ်ဘေးရှောင် တစ်သိန်းကျော်ရှိလာသလို တိုက်ပွဲတွေဟာလည်း ရခိုင်ပြည်နယ်အပြင် ချင်းပြည်နယ်ပလက်ဝအထိ ကျယ်ပြန့်လာနေပါတယ်။

သတင်း – တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့

Add a Comment

Your email address will not be published. Required fields are marked *