တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံရ

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို  စွဲဆိုထားသည့် အမှု လေးခု အတွက် ထောင်ဒဏ် ၁၀ နှစ်စီ (စုစုပေါင်း ထောင်ဒဏ် နှစ် ၃၀) ကျခံစေရန် တနင်္သာရီတိုင်းဒေသကြီး တရားရုံးက ယနေ့ မေ ၂၂ ရက်တွင် အမိန့် ချမှတ်ခဲ့သည်။

နောက်ထပ်စွဲဆိုသည့် စတုတ္ထအမှုအတွက် ထောင်ဒဏ် ၁၀ နှစ်ကျခံစေခဲ့ပြီး အဆိုပါအမှုအတွက် ပြစ်ဒဏ်ကို ပထမစွဲဆိုသည့် အမှုသုံးမှုနှင့် တစ်ပေါင်းတည်း ကျခံစေရန်လည်းကောင်း၊ စတုတ္ထအမှုတွင်ပါဝင်သည့် ဒေါက်တာဒေါ်လဲလဲ့မော်၏ မိသားစုပိုင် သရက်ချောင်းနေအိမ်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်လည်းကောင်း တနင်္သာရီတိုင်းဒေသကြီး တရားရုံးက အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းသည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်ထမ်းဆောင် ခဲ့စဉ်က လမ်းဦးစီးသို့ ဘဏ္ဍာငွေ တစ်လုံးတစ်ခဲတည်းချပေးမှုနှင့် ခြံစည်းရိုးကာရံမှုဖြင့် လည်းကောင်း၊ လေယာဉ်ကွင်း ခြုံရှင်းသည့် အမှုဖြင့်လည်းကောင်း၊ GGS သဘာဝဓာတ်ငွေ့ကုမ္ပဏီနှင့် ပတ်သက်သည့် ငွေရေးကြးရေးကိစ္စဆိုင်ရာ အမှုဖြင့်လည်းကောင်း အဂတိလိုက်စားခဲ့သည်ဆိုကာ တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အပေါ် အဂတိလိုက်စားမှုများ ကျူးလွန်ကြောင်း တိုင်ကြားစာများနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှ ၂၀၁၉ ခုနှစ် မတ် ၆ ရက်အထိ နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့များတွင် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအရ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း သီးခြား ပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲ၍ အရေးယူဆောင်ရွက်ရန် ထားဝယ်မြို့၊ မြို့မရဲစခန်း၌ မတ် ၁၀ ရက်က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယနေ့ရုံးချိန်းအမိန့်တွင် ဒေါက်တာဒေါ်လဲ့လဲ့မော်နှင့်အတူ တရားစွဲဆိုခံထားရသည့် GGS ကုမ္ပဏီမှ တာဝန်ရှိသူ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် တို့ကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန်လည်းကောင်း၊ စတုတ္တအမှုတွင် ပါဝင်သည့် GGS ကုမ္ပဏီမှ ဦးသူရအုံအား ထောင်ဒဏ် ငါးနှစ် ကျခံစေရန် လည်းကောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သတင်း – တိုးဝေအောင်(MMTIMES)

Add a Comment

Your email address will not be published. Required fields are marked *