ကျောက်မဲတွင် လ္ဘက်ခြံအတွင်း အမျိုးသမီး ၂ ဦး အသတ်ခံရ

ကျောက်မဲ၊ မေ ၁၉
(News Ambassador – သတင်းတမန်)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းတွင် မေ ၁၈ ရက်နေ့က လ္ဘက်ခြံအတွင်း အလုပ်လုပ်နေသော အမျိုးသမီး ၂ ဦးအသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ကျောက်မဲမြို့နယ် ချောင်းချောက်ကျေးရွာအုပ်စု၊ ဖလိန်ရွာအနောက်ဘက် ၃ မိုင်ခန့်အကွာတွင်ရှိသည့် လ္ဘက်ခြံ၏ ယာစောင့်တဲအတွင်းတွင် အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသူ ၂ ဦးမှာ လ္ဘက်ခြံတွင် အလုပ်လုပ်ကိုင်နေသည့် ဒေါ်အေးယိင်း နှင့် ဒေါ်အေးထွေး ဆိုသူတို့ ၂ ဦးဖြစ်ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။

၎င်းတို့ ၂ ဦးအသတ်ခံထားရကြောင်းကို ၎င်းတို့၏အလုပ်သမားဖြစ်သူ ကျော်ဆွေဆိုသူမှ တယ်လီဖုန်းဖြင့် ကျွဲကုန်းရွာနေ အိုက်တူးဆိုသူကို ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အိုက်တူးဆိုသူမှ အသတ်ခံရသူ၏ သားဖြစ်သူ ကိုအောငျော် ဆိုသူထံသို့ လာရောက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအတွက် အခင်းဖြစ်နေရာသို့သွားရောက်ကြည့်ရှုရာ ဒေါ်အေးယိင်းမှာ ယာဘက်နားထင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာဘက်မျက်ခုံး ပေါက်ပြဲဒဏ်ရာ ၁ချက်၊ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဦးခေါင်းဝဲဘက်နောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ ၂ချက်တို့ဖြင့် သေဆုံးနေခြင်းဖြစ်ပြီး ၊ ဒေါ်အေးထွေးမှာ ဝဲဘက်ပါးညိုမဲဒဏ်ရာ ၁ ချက်၊ ဦးခေါင်းဝဲဘက်နောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ချက်၊ ဝဲဘက်နောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ချက်တို့ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း တွေ့ခဲ့ရသည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၅၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *