မန္တလေး 69 Motel ၌ အတွင်းမှပိတ်ထားသည့်အခန်းအတွင်း စားရင်းကိုင်အမျိုးသမီး ဓားဒဏ်ရာများဖြင့် သေဆုံးပြီး သန့်ရှင်းရေးဝန်ထမ်း ပြင်းထန်ဒဏ်ရာရရှိမှု ဖြစ်ပွား
|မန္တလေး မဟာအောင်မြေမြို့နယ်၊ ၆၉ လမ်း၊ ၃၉ လမ်းနှင့် လမ်း(၄၀)ကြားရှိ 69 Motel တွင် မေ(၁၈)ရက် မွန်းလွဲ(၁)နာရီခွဲအချိန်ခန့်က လူသတ်မှုုဖြစ်ပွားခဲ့ရာ အတွင်းမှသော့ပိတ်ထားသည့်အခန်းအတွင်း စာရင်းကိုင်အမျိုးသမီးတဦးသေဆုံးပြီး သန့်ရှင်းရေးဝန်ထမ်းအမျိုးသား ဓားဒဏ်ရာများဖြင့် ဆေးရုံတက်ရောက်နေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ မွန်းလွဲပိုင်းက 69 Motel ၏ စာရင်းကိုင်ဖြစ်သူ မခင်ဆွေဦးသည် ၎င်း၏အစ်မဝမ်း ကွဲတော်စပ်သူ စာရင်းကိုင်ဝန်ထမ်း မချောပိုပိုအောင်နှင့်အတူ မေလ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် 69 Motel အောက်ထပ်ရှိ ဧည့်ကြိုခန်းမ၌ ထိုင်စကားပြောဆိုနေစဉ် မချောပိုပိုအောင်က ရေသွားချိုးမည်ဟုပြော၍ အခန်းသော့ယူကာ အိပ်ခန်းသို့ထွက်ခွာသွားခဲ့ပြီး ခဏအကြာ မခင်ဆွေဦးမှာ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် အိပ်ခန်းသို့ပြန်ရာ အိပ်ခန်းတံခါးဖွင့်မရသဖြင့် ပထမထပ်ရှိ ပိုင်ရှင်ဖြစ်သူထံသွားရောက်အကြောင်းကြားခဲ့ကြောင်း၊ ပိုင်ရှင်ဖြစ်သူမှ ၎င်းတွင်ရှိနေသော သော့အပိုတချောင်းကိုပေးခဲ့သဖြင့် မခင်ဆွေဦးက အခန်းတံခါးဖွင့်ရာ အိပ်ခန်းကြမ်းပြင်ပေါ်တွင် အစ်မဝမ်းကွဲဖြစ်သူနှင့် ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းဖြစ်သူ ကျော်သူဟိန်းတို့အား ဓားဒဏ်ရာများဖြင့် လဲကျနေသည်ကိုတွေ့ရှိခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ယင်းနောက် ရဲစခန်းသို့အကြောင်း ကြားခဲ့သဖြင့် တာဝန်ရှိသူများက လာရောက်စစ်ဆေးရာ မချောပိုပိုအောင်တွင် ဝဲဘက်ရင်အုံထိုး သွင်းဒဏ်ရာ ၁ ချက်၊ ရင်ဝထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်လည်ပင်းထိုးသွင်းဒဏ်ရာ ၂ ချက်၊ မေးစေ့အောက်လည်ပင်းထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲလက် ခုံထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာပခုံးထိုးသွင်းဒဏ်ရာ ၁ ချက်၊ နောက်ကျော်ထိုးသွင်းဒဏ်ရာ ၁ ချက် နှင့် သန့်ရှင်းရေးဝန်ထမ်းဖြစ်သူ ကျော်သူဟိန်းတွင် လည်ပင်းပြတ်ရှဒဏ်ရာ ၂ ချက်၊ ရင်ညွှန့်ထိုးသွင်း ဒဏ်ရာ ၃ ချက်၊ ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ဖြင့် ကြမ်းပြင်ပေါ်တွင်လဲကျနေသည်ကို တွေ့ရှိရသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရာ မချောပိုပိုအောင်မှာ ဆေးရုံ အရောက်တွင်သေဆုံးသွားခဲ့ပြီး ကျော်သူဟိန်းမှာ ရရှိသောဒဏ်ရာများမှာ အသက်စိုးရိမ်ရသဖြင့် ဆေးရုံကြီးတွင် ဆက်လက်ဆေးကုသလျက်ရှိသည်။
“ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။ သူတို့ချင်း ရန်ဖြစ်တယ်လို့လည်း ပြောတယ်။ မြို့နယ် ရဲတပ်ဖွဲ့ရော၊ နယ်မြေခံ ရဲတပ်ဖွဲ့တွေပါ လာစစ်တယ်။ cctv မှတ်တမ်းတွေလည်း စခန်းကယူသွားကြတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း မသိသေးပါဘူး” ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မဟာအောင်မြေ မြို့မရဲစခန်းသို့ 69 Motel စာရင်းကိုင် မခင်ဆွေဦးက သေဆုံးသူမချောပိုပိုအောင်နှင့်ကျော်သူဟိန်းတို့အား သေဆုံး/ဒဏ်ရာရရှိအောင်ပြုလုပ်သူအား အရေး ယူပေးရန် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ)၃၆၄/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂/၃၂၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
New,ဦးရာဇ