မန္တလေး ၁၆ မိုင်ဂိတ်တွင် သေနတ်နှင့် မူးယစ်ဆေးများ ဖမ်းမိ

သူရိန်မင်း၊ မေ-၁၈

မန္တလေးမြို့အနီး ၁၆မိုင် စစ်ဆေးရေးဂိတ်တွင် သေနတ် နှစ်လက်နှင့် ကျပ်(၁၆)သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အမျိုးသားသုံးဦးကို အမှုဖွင့် စစ်ဆေးနေကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ သတင်းရရှိသည်။

မေ(၁၆)ရက်၊ ည(၈)နာရီ၀န်းကျင်က မန္တလေးမြို့အနီး ပုသိမ်ကြီးမြို့နယ် အုန်းချောရဲစခန်းအပိုင် မန္တလေး-လာရှိုးကားလမ်း ၁၆မိုင်ဂိတ်တွင် ပြင်ဦးလွင်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် တွဲကားတစ်စီးကို မူးယစ်တပ်ဖွဲ့မှ တာ၀န်ရှိသူများက အသိသက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ ယာဉ်ပေါ်မှ Made In Czechoslovakia စာတမ်းပါ ပွိုင့်-22 သေနတ်တစ်လက်နှင့် ကျည်ဘောက်တစ်ခု၊ မှန်ပြောင်းတစ်ခု၊ စာတမ်းပါ လေသေနတ်တစ်လက်နှင့် စနိုက်ပါ မှန်ပြောင်းတစ်ခုနှင့် ကာလတန်ဖိုး ကျပ်၁၆သိန်းကျော်ရှိ တံဆိပ်မပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၅၄၀)ပြား သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

သေနတ်နှင့် မူးယစ်ဆေးဝါးများ တွေ့ရှိမှုနှင့်ပတ်သက်၍ ယာဉ်ပေါ်ပါသူ နှစ်ဦးကို မေးမြန်းရာ သေနတ်များအား ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်နေ အမျိုးသားတစ်ဦးမှ လက်ခံမည်ဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး အဆိုပါ သေနတ်လက်ခံမည် ဆိုသည့် အမျိုးသားကိုလည်း နေအိမ်၌ တွေ့ရှိဖမ်းဆီးခဲ့ပြီး အမှုဖွင့် ထားခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ထိုသို့ သေနတ်နှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ နွားထိုးကြီးမြို့နယ်တွင် နေထိုင်သူများဖြစ်သည့် အသက်(၃၀)ကျော်နှင့် အသက်(၂၀)ကျော်အရွယ် ယာဉ်မောင်း အမျိုးသားနှစ်ဦး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇ-ရပ်ကွက်နေ အသက်(၃၈)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကို ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ-၁၉(က)၊၂၂(ခ)/၂၁ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ဖမ်းဆီးရမိသည့် သေနတ်နှင့် မူးယစ်ဆေးများ/ Photo- PE.

Add a Comment

Your email address will not be published. Required fields are marked *