တရုတ်နိုင်ငံသားကိုသတ်တဲ့တရားခံတွေကို ရဲတပ်ဖွဲ့ရဲ့သုံးသပ်ဖော်ထုတ်ချက်ကြောင့် ဖမ်းမိပါပြီ
|ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်း တရုတ်နိုင်ငံသား တစ်ဦးကို ဓားဖြင့် ထိုးသတ်သူများအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်ကျေးရွာ၊ ဦးထွန်းညို လမ်းမဘေးတွင် ရပ်ထားသော ယာဉ်ပေါ်တွင် မေ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က တရုတ်နိုင်ငံသား Mr. Yan Bang Chao (၆၃)နှစ်အား ဓားဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သောင်ကြီးနယ်မြေရဲစခန်းမှ ပ/၁၁၂၆/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး
အမှုအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်းစစ်ဆေးခဲ့ကာ မှုခင်းဖြစ်ပွားရာ အနီးတစ်ဝိုက်ရှိ CCTV မှတ်တမ်းများ၊ ပတ်ဝန်းကျင်ရှိ သက်သေများကို စုံစမ်းစစ်ဆေးခြင်း၊ ပြစ်မှုကျူးလွန်သူ မသင်္ကာတရားခံတို့၏ ပုံသဏ္ဍာန်များအား ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရှိ ရဲစခန်းများသို့ ပေးပို့ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း။
စုံစမ်းစစ်ဆေးချက်နှင့် သတင်းပေးချက်အရ မှုခင်းဖြစ်ပွားရာ နေရာများတွင် ယာဉ်တိုက်ခံရသည်ဟု ဟန်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းတတ်သူများဖြစ်နိုင်ကြောင်း သုံးသပ်၍ စစ်ဆေးပေါ် ပေါက်ချက်အရ မသင်္ကာသူ နှစ်ဦးအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ညောင်ရွာနေ ရဲကိုကို(၃၀)နှစ်အား မေ ၁၃ ရက် ညနေ ၀၃:၃၀ခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ ရဲကိုကိုမှ ဝန်ခံထွက်ဆိုပြီး ၎င်းထံမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော ဓားနှင့် အဝတ်အစားများ၊ သေဆုံးသူထံမှ လုယူခဲ့သော အမေရိကန် ဒေါ်လာ(၁၀ဝ) တန် (၆)ရွက်နှင့် မြန်မာငွေကျပ် ၂၃၀,ဝဝဝ တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။
အစစ်ခံချက်အရ ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်ခဲ့သူ သာယာဝတီမြို့နယ်၊ ကွင်းကြီးကျေးရွာနေ ဟန်ဝင်းထွန်း(ခ) ငပွေး(၂၆)နှစ်အား မေလ ၁၃ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်းကျေးရွာ၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ် (၁)စီး၊ အဝတ်အစားများ၊ သေဆုံးသူထံမှ လုယူသွားသော တရုတ်ယွမ်ငွေတစ်ချို့နှင့် မြန်မာငွေ ကျပ် ၈၇၀,ဝဝဝ တို့ကို သိမ်းဆည်ရမိခဲ့ပြီး ယခင်ကပြစ်မှုကျူးလွန်ခဲ့မှုကို ဆက်လက်ဖော်ထုတ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
တင်နိုင်ထွန်း(လှိုင်သာယာ)
SH သတင်းဌာန