သမီးရည်းစားအချင်းချင်း အဆက်သွယ်ဖြတ်ရာ ယောကျ်ားလေးမှ ၎င်းချစ်သူအားဓားဖြင့်ထိုး၍ ရဲစခန်း၌ သွားရောက်အဖမ်းခံ။
|မွန် မေ ၁၃
မွန်ပြည်နယ် မုဒုံမြို့ မြို့မ(၄)ရပ် အခွန်လွတ်စျေးအနီး ယနေ့နံနက် ၈ နာရီချိန်ခန့်၌ ဓားထိုးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ လွန်ခဲ့သော ၂၀၁၈ ခုနှစ်၌ မောင်ဇေယျာကို ၂၃ နှစ်(မကွေးမြို့နေသူ) သည် မုဒုံမြို့ မြို့မ ၄ ရပ်ကွက်ရှိ မသဇင်ဖူး ၂၂ နှစ်နှင့် ချစ်သူဖြစ်ခဲ့ကြပြီး ၂၀၂၀ ခုနှစ် ဧပြီလအတွင်း ဖုန်းဆက်သွယ်ဖြေကြားခြင်းမရှိ သောကြောင့်မေလ ၁၀ ရက်နေ့က ရန်ကုန်မြို့မှ မုဒုံမြို့သို့ လိုက်လာပြီး ၎င်းချစ်သူ မသဇင်ဖူးနှင့်တွေ့ဆုံရန် ကြိုးစားသော်လည်း အတွေ့မခံသဖြင့် ၁၃.၅.၂၀၂၀ ရက်နေ့နံနက်ပိုင်း၌ မုဒုံမြို့ အခွန်လွတ်စျေးအနီး မသဇင်ဖူး စျေးမှပြန်လာသည့်အချိန် အသင့်ပါလာသောဓားဖြင့် ထိုး၍ မသဇင်ဖူးစီးနင်းလာသော ဆိုင်ကယ်အားယူဆောင်၍ မုဒုံမြို့မရဲစခန်းသို့ သွားရောက်အဖမ်းခံခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။
အဆိုပါဓားထိုးမှုကျူးလွန်သူ မောင်ဇေယျာကို ၂၃ နှစ်သည် တပ်မတော်မှ စစ်သည်တစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလခန့်၌ အမှတ်(၂၀၁၅) သံချပ်ကာတပ်ရင်း(မကွေး) မှ တိုက်/စည်းသင်တန်း တက်ရောက်စဉ် ခွင့်မဲ့ပျက်ကွက်ခဲ့သူစစ်ပြေး တစ်ဦးဖြစ်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်နှင့်ပါတ်သက်၍ ဇေယျာကိုအား မုဒုံမြို့မရဲစခန်း (ပ)၁၃၃၃/၂၀၂၀ ရာ ၃၂၆ (လက်နက်ဖြင့် အပြင်းထန်နာကျင်စေမှု့) ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။