fbpx

မေ ၁၂ ရက်နေ့မှစ၍ ပုံမှန်အတိုင်း ဝန်ဆောင်မှုပေးမည်ဟု ဘဏ်တချို့ ကြေညာ

လျှော့ချထားတဲ့ ဘဏ်လုပ်ငန်းချိန်တွေကို ဗဟိုဘဏ်က ပုံမှန်အတိုင်းပြန်သတ်မှတ်လိုက်တာကြောင့် မနက်ဖြန်ကစလို့ ပုံမှန်အတိုင်း ဝန်ဆောင်မှုပေးတော့မယ်လို့  ပြည်တွင်း ပုဂ္ဂလိက ဘဏ်တချို့က ကြေညာထားပါတယ်။ ဒီနေ့ရက်စွဲနဲ့ မြန်မာနိုင်ငံထဲက ဘဏ်တွေအားလုံးရဲ့ ဘဏ်လုပ်ငန်းချိန်တွေကို ပုံမှန်ဝန်ဆောင်မှုပေးချိန်အတိုင်း မနက် ၉ နာရီခွဲကနေ မွန်းလွဲ ၃ နာရီအထိ ပြန်လည်ဆောင်ရွက်သွားဖို့ ညွှန်ကြားလာတယ်လို့ ဆိုပါတယ်။ ကမ္ဘောဇဘဏ်ကတော့ ဘဏ်လုပ်ငန်းချိန် ပုံမှန်ပြန်ဖြစ်ပေမယ့် ကိုဗစ်-၁၉ ကူးစက်တာကနေ ကာကွယ်ဖို့ ဘဏ်ခွဲတိုင်းမှာ ကျင့်သုံးနေတဲ့ လူချဲနေခြင်း(Social Distancing) နည်းလမ်းတွေကိုတော့ ဆက်လက်ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။
ဒါဟာ ဗဟိုဘဏ်က ညွှန်ကြားတာဖြစ်ပေမယ့် လတ်တလောမှာတော့ ဘဏ်လုပ်ငန်းချိန်ပြန်ပြောင်းတဲ့အကြောင်းကို ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နဲ့ ရိုးမဘဏ်တို့ကပဲ ကြေညာထားတာကို တွေ့ရပါတယ်။

ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းတာဝန်ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေကို ရောဂါကူးစက်ပျံ့နှံ့တာ ထိန်းချုပ်ဖို့၊ ဘဏ်လုပ်ငန်းတွေအဆင်ပြေစေဖို့အတွက် ဆိုပြီး ဘဏ်တွေရဲ့ အလုပ်ချိန်တွေကို ယာယီလျှော့ချဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဧပြီလကုန်ပိုင်းမှာ ညွှန်ကြားခဲ့တာပါ။

ကိုဗစ်-၁၉ ဖြစ်နေတဲ့ ကာလအတွင်း ဘဏ်လုပ်ငန်းချိန်ကို မနက် ၁၀ နာရီကနေ မွန်းလွဲ ၂ နာရီအထိလို့ ပြင်ဆင်လိုက်ပြီး ဧပြီ ၂၈ ရက်နေ့ စတင်ခဲ့တာဖြစ်လို့ ဒီအပြောင်းအလဲက ရက်သတ္တ ၂ ပတ်မကြာခင်မှာပဲ ပြန်ပြောင်းလိုက်ရတာပါ။

ပုံမှန် ဘဏ်လုပ်ငန်းချိန်ဟာ တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် ၉ နာရီခွဲကနေ မွန်းလွဲ ၃ နာရီအထိ၊ လစာထုတ်ရက်မှာတော့ မနက် ၈ နာရီခွဲကနေ မွန်းလွဲ ၂ နာရီအထိလို့ သတ်မှတ်ထားတာပါ။

သတင်း – dvb tv news

Add a Comment

Your email address will not be published. Required fields are marked *