fbpx

မင်းပြားမြို့နယ် ရာမောင်တံတားအနီးရှိ AA ခြေကုတ်စခန်းတစ်ခု တပ်မတော်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ပွိုင့်-၁၁၄ တောင်ကုန်းပေါ်တွင် နေရာယူ၍ အမ်း-စစ်တွေ ပြည်ထောင်စုလမ်းကို စိုးမိုးထားသည့် AA လက်နက်ကိုင်အဖွဲ့ ခြေကုတ်စခန်းတစ်ခုကို တပ်မတော်က သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးထံမှ သိရသည်။
မေလ ၈ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းအနီး စိုးမိုးတောင်ကုန်းဖြစ်သည့် ပွိုင့် ၁၁၄ နေရာတွင် အခိုင်အမာနေရာယူထားသည့် AA ခြေကုတ်စခန်းတစ်ကို သိမ်းပိုက်ရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါစခန်းကုန်းသည် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းကြောင်းလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးကို ခြိမ်းခြောက်လာနေကြောင်းလည်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အဆိုပါစခန်းကုန်းတည်နေရာ ရာမောင်တံတားအနီးတွင် ပြီးခဲ့သည့် ဧပြီလအတွင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မော်တော်ယာဉ်ပစ်ခတ်ခံရသည့် နေရာဖြစ်ပြီး Covid-19 ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာများကို ရန်ကုန်မြို့သို့ ပို့ဆောင်စစ်ဆေးရန် ထွက်ခွာလာသည့် WHO မှ UN တံဆိပ်ပါ မော်တော်ယာဉ်ကို ဧပြီ ၂၀ ရက် ညနေပိုင်းတွင်လည်းကောင်း၊ CPS ပိုးသတ်ဆေးကုမ္ပဏီမှ ဆေးပစ္စည်းများ တင်ဆောင်လာသည့်ယာဉ်ကို ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းတွင်လည်းကောင်း အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်များနှင့် ကိုယ်ပိုင်မော်တော်ယာဉ်များကိုလည်း အကြောင်းမဲ့ပစ်ခတ်ခြင်း၊ ခြိမ်းခြောက်ခြင်းဖြင့် ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်မှုများကို အကြိမ်ကြိမ်ဆောင်ရွက်ခဲ့သည့် နေရာလည်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါလမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့မှုများ ဆောင်ရွက်လျက်ရှိသောကြောင့် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက ယင်းနေရာတစ်ဝိုက်ကို ဧပြီလ၂၀ ရက်မှစတင်၍ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်ခဲ့ရာ ပွိုင့်-၁၁၄ တောင်ကုန်းအနီးရှိ ၎င်းတို့အခိုင်အမာနေရာယူထားသည့် နေရာ ၅ နေရာကို အဆင့်ဆင့်သိမ်းပိုက်ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မဆုတ်မနစ် သက်စွန့်ကြိုးပမ်းဆောင်ရွက်မှုများကြောင့် မတ်လ ၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ၎င်းတို့နေရာယူထားရှိသည့် ပွိုင့်-၁၁၄ တောင်ကုန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ဖြစ်စဉ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ၊ ရရှိခဲ့ကြောင်းနှင့် နယ်မြေဒေသလုံခြုံရေး၊ လမ်းပန်း ဆက်သွယ်မှုလုံခြုံစေရေး နယ်မြေစိုးမိုးရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း – the voice

Add a Comment

Your email address will not be published. Required fields are marked *