Homeschooling – အိမ်တွင်းကျောင်းတို့ ပေါ်ပြီလား
|အိမ်တွင်းကျောင်းလို့ ခေါ်တဲ့ ကျောင်းမတက်ဘဲ အိမ်မှာပဲ စာသင်တဲ့Homeschooling စနစ်ကို မြန်မာပြည်က မိဘတချို့ အခုနောက်ပိုင်း မကြာခဏဆိုသလို မေးလာကြပါတယ်။
Homeschooling ဆိုတာကို အိမ်တွင်းကျောင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုကြသလို မိသားစု ပညာသင်စနစ်လို့လည်း ဖွင့်ဆိုကြပါတယ်။
ဒါကတော့ အခု တလော ကိုဗစ်ကာလမှာ မြန်မာပြည်က မိဘတော်တော်များများ စိတ်ဝင်စားပြီး ပြောဆိုလာကြတဲ့ စကားလုံးတစ်ခုပါပဲ။
တကယ်တော့ Homeschooling ဆိုတဲ့ မိဘနဲ့ သားသမီး ရင်အုပ်မကွာ သင်ကြားတဲ့ ပညာရေး စနစ်က အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ၁၉ ရာစုနဲ့ ၂၀ ရာစုနှစ်တွေမှာ အင်္ဂလန် အပါအဝင် အနောက်နိုင်ငံတွေမှာ ခေတ်စားခဲ့တဲ့ ပညာသင်စနစ်တစ်ခုပါပဲ။
အဓိက ဇစ်မြစ်ကတော့ အရှေ့တောင်အာရှ အထူးသဖြင့် အိန္ဒိယကနေ စတင်ခဲ့တာလို့လည်း ပညာရေး ဝဘ်ဆိုက်တစ်ချို့မှာ ဆိုပါတယ်။
သားသမီးတွေကို အစိုးရ စာသင်ကျောင်းဖြစ်ဖြစ် ပုဂ္ဂလိက စာသင်ကျောင်းပဲ ဖြစ်ဖြစ် မလွှတ်ဘဲ ကိုယ့်ဘာသာ မိသားစုတွင်းမှာ သင်ကြားတဲ့ Homeschooling စစ်စစ် တွေရှိသလို အစိုးရကျောင်းဖြစ်စေ ဘုန်းတော်ကြီးသင် ပညာရေး စနစ်မှာ ဖြစ်စေ တစိတ်တဒေသ ပါဝင် သင်ကြားစေရင်း အိမ်က မိဘကလည်း သားသမီးနဲ့ ရင်အုပ်မကွာ သင်ကြားပေးတာတွေလည်း ရှိပါတယ်။
မေမေ့ကျောင်းတစ်ခုရဲ့ ဇာတ်လမ်း
မြန်မာပြည်မှာတော့ ဒီစနစ်ကို စိတ်ဝင်စားလို့ စတင်ချင်တဲ့ မိဘတွေရှိသလို ကိုယ်တိုင် ကျင့်သုံးနေတဲ့ မိသားစု တချို့လည်း ရှိနေပါတယ်။
၇ နှစ်အရွယ် သမီးဖြစ်သူကို ဘယ်အစိုးရ ဘယ်ပုဂ္ဂလိက ကျောင်းကိုမှ မထားတော့ဘဲ ကိုယ့်ဘာသာ နိုင်ငံတကာ Home schooling သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားနေတဲ့ ကလေးငယ်ရွယ်စဥ် ညာဘက်ဦးနှောက် ဖွံ့ဖြိုးမှုကို လေ့ကျင့်ပေးတဲ့ Tickle Right Myanmar ပညာရေးအဖွဲ့က ဖျောက်က သမီးအတွက် ဒီလို Home schooling ကို စလုပ်စဉ်က လူသိမခံခဲ့ဘူးလို့ ဆိုပါတယ်။
“သူက ဒီဟာသင်မယ် ၊ ဒီလို လုပ်မယ် ဒီတိုင်းငြိမ်နေရမယ် အဲလို သတ်မှတ်ချက်တွေကြားထဲမှာ ပုံစံကို ဖျောက်ကိုယ်တိုင်လည်း မနေနိုင်သလို ကိုယ့်သားသမီးကိုလည်း ကိုယ့်စံနှုန်းအတိုင်း လုပ်ဖြစ်သွားပြီး အစိုးရကျောင်းလည်း မလွှတ်နိုင်ဘူး။
အင်တာနေရှင်နယ်လို မြန်မာစာကော အင်္ဂလိပ်စာကော သင်ရိုးနှစ်ခု သင်မယ်ဆိုတာကိုလည်း တကယ်သဘောမကျဘူး ။
အဓိကကတော့ ဘတ်ဂျက်ကြောင့်ပဲ။ ကျောင်းမထားတော့ဘူး Home schooling လုပ်မယ် ဆို ဆုံးဖြတ်ဖြစ်သွားတယ်” လို့ဆိုပါတယ်။
ကိုယ်လိုချင်တဲ့ လွတ်လပ်တဲ့ ပညာရေးစနစ်ကို ကိုယ့်ဘာသာ အိမ်တွင်းပညာရေးစနစ် ထူထောင်ပြီး ဖျောက်တို့လို သင်ကြားပေးတဲ့ မိသားစုတွေက မြန်မာပြည်မှာ တော်တော်နည်းနေသေးတယ်လို့ ဆိုပါတယ်။
ဒီအိမ်တွင်းမှာပဲ ပညာသင်တဲ့စနစ် လုပ်မယ်လို့ ဆုံးဖြတ်ပြီး ကလေးကို ကျောင်းထုတ်လိုက်ချိန်မှာတော့ ပတ်ဝန်းကျင်ရဲ့ ပြောဆို ရိုက်ခတ်မှုတွေ ခံရတယ်လို့ သူက ရင်ဖွင့်ပါတယ်။
ရေရှည် တည်တံ့သော သဘာဝနေထိုင်မှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလင်းအိမ်အဖွဲ့က ကိုနော်အောင်ကတော့ ” မိဘပေါ်မှာ အများကြီးမူတည်တယ် မိဘက Challenge ယူနိုင်မှ ရမယ်။
ကိုယ့်ကလေးတွေရဲ့ အရေးအရာကိစ္စ စိတ်ဝင်စားတဲ့ မိဘဖြစ်ဖို့ပါပဲ ” လို့ ပြောပါတယ်။
အိမ်တွင်းကျောင်းအတွက် စိန်ခေါ်မှု
” ပထမဆုံးကြုံရတဲ့ အခက်အခဲကတော့ Network မရှိတာ။ နဂိုကျောင်းအတူတူ တက်နေတဲ့ မိဘတွေက မခေါ်တော့ဘူး။
ကလေးအချင်းချင်းလည်း နင်က ကျူရှင်ပဲ လုပ်မှာလား ဆိုတာမျိုး ပြောတာ အစပိုင်းမယ် ကြုံရတယ် ” လို့ ဖျောက်က ဆိုပါတယ်။
အခု ကိုဗစ်ကာလမှာ ဒီ Home schooling ကိုလူတွေ အများစု စိတ်ဝင်စားချိန်မှာတော့ သူ့ရဲ့ အတွေ့အကြုံကို စပြီး ဖြန့်ဝေလာပါတယ်။
ကိုနော်အောင်က ” ကျွန်တော်တို့အားလုံးမှာလည်း ကိုယ်သင်ဖို့ အခက်အခဲရှိတယ်။ အင်္ဂလိပ်စာ ငါတော့ မရဘူး၊ သင်္ချာမရဘူးတို့ ဒါတွေက ရှိလေ့ရှိထရှိပါတယ်။
တကယ်တမ်းပြောမယ် ဆိုရင် ကျွန်တော်တို့က သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာ၊ နှလုံးသားပိုင်းဆိုင်ရာ အဓိကထားသွားတာ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ အဆင့်မြင့် နည်းပညာတွေ သုံးလာတဲ့အခါမှာ ကျန်တဲ့ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီတို့ ဘာတွေ အားလုံးက အကုန် အွန်လိုင်းက လေ့လာလို့ရတယ်။
ဒါမှမဟုတ်လည်း ကိုယ့်ကလေးက ဘိုင်အို မသင်နိုင်ဘူးဆို ဘိုင်အို သင်နိုင်တဲ့ လူနဲ့ ချိတ်ဆက်ပေးလို့ရတယ်။
Home schooling လက်ရှိလုပ်နေတဲ့ ကိုနော်အောင်ကတော့ ဒီသင်ကြား စနစ်က ကလေးတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ်အမြင်၊ စာဖတ်ခြင်း၊ တွေးခြင်းနဲ့ ဘာသာတရား၊ သမိုင်းကြောင်းတွေကို အဓိကထားပြီး မိဘကိုယ်တိုင် ကလေးတွေနဲ့ လေ့လာပြီး သွားတာလို့ပဲ အခုလို သင်ကြားတာကို အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။
အတန်းပညာနဲ့ အိမ်တွင်းကျောင်း
ထိုင်းနိုင်ငံမှာတော့ ထိုင်းပညာရေးဌာနက ဥပဒေပြုပြီး တရားဝင်ခွင့်ပြုထားတဲ့အတွက် ထိုင်းမှာ ဟုမ်းစကူးလုပ်မယ့် မိဘတွေက သက်ဆိုင်ရာ မြို့နယ်မှာရှိတဲ့ ပညာရေးမှူးဆီမှာ မှတ်ပုံတင်ပြီး သက်ဆိုင်ရာ ပညာရေးဝန်ထမ်းနဲ့ မိဘတွေက ကလေးတွေကို သင်ကြားမယ့် သင်ရိုးတွေကို ပြင်ဆင် ညှိနှိုင်း သဘောတူတာ ရှိတယ်လို့ ကိုနော်အောင် က သူ့ထိုင်းမိတ်ဆွေနဲ့ ဆွေးနွေးရင်း သိရတာကို ပြောပြပါတယ်။
သူက ” Schooling နဲ့ Education နဲ့ မြန်မာနိုင်ငံမှာ မကွဲတာက အဓိက ပြဿနာ၊
လူတိုင်းကျောင်းတက်ရမယ်ဆိုတာနဲ့ ဝိရောဓိ ဖြစ်လာတော့တာပဲ။
ပညာသင်ကြားမယ် ဆိုတာနဲ့ လူတွေက ကျောင်းတက်မယ်လို့ မြင်လာတော့တယ်” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ မိဘ အများစုအတွက် စိန်ခေါ်ချက် နောက်တစ်ခုကတော့ အိမ်တွင်းကျောင်း လုပ်မယ်ဆိုရင် အတန်းပညာရေးအတွက် လက်မှတ်မရမှာကို စိတ်ပူနေတဲ့ အချက်ပါပဲ။
ဒါပေမယ့် တကယ်တမ်း ဟုမ်းစကူး လုပ်နေသူတွေကတော့ အတန်းပညာရေးထက် ကလေးတွေရဲ့ စိတ်ခံစားချက်နဲ့ ကလေးတွေရဲ့ ပင်ကိုယ်စွမ်းရည်ကို ဖော်ထုတ်ပေးဖို့ပဲ အားသန်နေကြပါတယ်။
ဒီအတွက် သမီးဖြစ်သူ ရှေ့ရေးနဲ့ ပတ်သက်လို့ ဖျောက်ကတော့ အထက်တန်း ပညာရေးအဆင့်ကို ဖြတ်ကျော်ပြီးပြီ ဆိုရင်တော့ နိုင်ငံတကာ ပညာရေးစနစ်ကို သွားဖို့ ရည်သန်ထားတယ်လို့ ဆိုပါတယ်။
သူက ” သူတချိန် တက္ကသိုလ်တက်ရင်တော့ အမေရိကားက မိတ်ဆွေဆွေမျိုးတွေကို ခေါ်ပေးမလားဆို ပြောထားတာတော့ရှိတယ်။
သွားလို့ရတဲ့လမ်းကြောင်းတွေ ရှိတာကို ဖတ်ထားတယ်။ ဒါပေမယ့် အဲဒါကို အရမ်းသွားတွေးပြီး သူတို့သတ်မှတ်ချက်တွေ ဖတ်လိုက်တဲ့ မှတ်လိုက်တဲ့အခါ အားလျော့သွားမှာလည်း စိုးတယ် ” လို့ဆိုပါတယ်။
မြန်မာပြည်မှာ ဟုမ်းစကူး လုပ်နေတဲ့ မိဘတချို့ကတော့ လက်ရှိမှာ အတန်းပညာ တခုခုအတွက် အစိုးရကျောင်း ဖြစ်စေ ဘက ကျောင်းတွေမှာဖြစ်စေ တဝက် ထားရင်း အိမ်မှာ သင်ကြားနေတာ ရှိသလို ကလေးကို လုံး၀ မိမိတို့ အိမ်မှာပဲ ထားကာ အွန်လိုင်း သင်ရိုးတွေနဲ့ သင်ကြားနေသူတွေလည်း ရှိပါတယ်။
Homeschooling စနစ်သုံးချင်တဲ့ မိဘ အများစု ပြောနေတာကတော့ ဟုမ်းစကူးကို အစိုးရ ပညာရေးဝန်ကြီးဌာနက လက်ခံ အသိအမှတ်ပြု၊ ဥပဒေ ထဲ ထည့်သွင်းပြီး နိုင်ငံတကာကလို မိဘတွေကို အကူအညီပေးဖို့ လိုတယ်လို့ပဲ ဖြစ်ပါတယ်။
ဆောင်းပါး by BBC Burmese