ရေသုံးစွဲစီမံပိုင်ခွင့် လွှဲပြောင်းပေးအပ်မှု သဘောတူစာချုပ်တွင် အသိသက်သေအနေဖြင့် လက်မှတ်ထိုးခဲ့သော ချောင်းဆုံမြို့နယ်မှ အုပ်ချုပ်ရေးမှူး နှစ်ဦး တာဝန်မှ ရပ်နားခံရ
|ချောင်းဆုံ၊ မေလ ၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာနှင့် တော်ကနာကျေးရွာမှ အုပ်ချုပ်ရေးမှူး နှစ်ဦးကို ရေသုံးစွဲစီမံပိုင်ခွင့်လွှဲပြောင်းပေးအပ်မှု သဘောတူစာချုပ်တွင် အသိသက်သေအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် တာဝန်မှ ရပ်နားခံခဲ့ရကြောင်း သိရသည်။
သောက်သုံးရေ လုံလောက်မှုရှိနေပြီးဖြစ်သော တော်ကနာကျေးရွာမှ ရေသုံးစွဲစီမံနေသော ရေတွန်းရေစင် ရေကန် စက်နှင့် စက်ခန်း၊ ရေပိုင်ပစ္စည်းအားလုံးတို့ကို သောက်သုံးရေရှားပါး အခက်အခဲဖြစ်နေသည့် အနီးရှိ ကွမ်ရိုက်ကျေးရွာအတွက် စီမံပိုင်ခွင့်ကို အပြီးအပိုင် လွှဲပြောင်းပေးအပ်မှု သဘောတူစာချုပ်တွင် အသိသက်သေအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် တာဝန်မှ ရပ်စဲခံရခြင်းဖြစ်သည်ဟု ကွမ်ရိုက်နှင့် တော်ကနာကျေးရွာအုပ်ချုပ်ရေးမှူးတို့က ပြောဆိုသည်။
ဧပြီလ ၂၅ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးမှ ခေါ်တွေ့ပြီး တာဝန်မှ ရပ်စဲလိုက်ခြင်းအကြောင်းကို အသိပေးခဲ့ကြောင်း ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက ပြောသည်။
“ကျွန်တော်တို့ကို ဘာကိစ္စနဲ့ ရပ်စဲလိုက်လဲလို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို မေးတော့ ရေကိစ္စလို့တော့ ပြောတယ်၊ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့အတွက်ကြောင့်လို့တော့ ပြောတယ်”ဟု ဦးမြင့်စိုးက ဆိုသည်။
တော်ကနာကျေးရွာမှာ သုံးစွဲနေသော ရေကို ပိုက်နှင့် ရေရှားနေသော ကွမ်ရိုက်ကျေးရွာက ရပ်ကွက်များကို ရေပေးနိုင်ဖို့အတွက် တော်ပနာကျေးရွာမှ ကွမ်ရိုက်ကျေးရွာကို ရေပေးကြောင်း သက်သေအဖြစ် လက်မှတ်ထိုးပေးကြောင်း ၎င်းက ပြောဆိုသည်။
“စာချုပ်စာတမ်းနဲ့ လွှဲပြောင်းပေးတဲ့အခါ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးလက်ဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြောင်းကြားတယ်။ အသိပေးထားတာ ရှိတယ်။ သူတို့လည်း သိထားတယ်”ဟု ဦးမြင့်စိုးက ဆက်လက်ပြောသည်။
ရပ်ရွာအကျိုးအတွက် အသိသက်သေနေရာမှာ လက်မှတ်ထိုးခဲ့ကြောင်း တော်ကနာကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်စိုးက ဆိုသည်။
“ကျွန်တော်တို့ကို ခေါ်တယ်။ ဘာမှ မပြောဘူး။ စာပြပြီးတော့ တာဝန်ကရပ်ဆိုင်းတယ်ပြောတယ်။ စာထုတ်တာက ပုဒ်မ ၁၅ အရလို့ ပြောတယ်။ နောက်ပြီး အခုလို ရပ်စဲတာက အုပ်ချုပ်ရေးမှူးကနေ ပယ်ဖျက်တာ မဟုတ်ဘူး။ ရွေးကောက်ပွဲကျရင် ဝင်ပြိုင်လို့ရသေးတယ်ပေါ့။ အဲလိုပြောတယ်။ အမှန်တိုင်းပြောရရင် ကျေနပ်မှုတော့ မရှိဘူး။ ကျွန်တော်တို့က ရပ်ရွာအတွက်ပဲ ဦးစားပေးလုပ်နေတာပါ။ အခုက ဘာမှလည်း စစ်ဆေးတာမရှိဘဲနဲ့ အုပ်ချုပ်ရေးမှူး တာဝန်ကနေရပ်ဆိုင်းတယ်”ဟု ဦးကြည်စိုးက ပြောသည်။
အစိုးရ ရေသွယ်တန်းမှုသည် အစိုးရဘဏ္ဍာငွေနှင့် သွယ်တန်းပေးထားသည့် ရေပိုက်လိုင်းဖြစ်ကြောင်း၊ အစိုးရဘဏ္ဍာနှင့် သွယ်တန်းထားသည့်ရေပိုက်လိုင်းဖြစ်သည့်အတွက် သွယ်တန်းယူမည်ဆိုပါက အစိုးရထံ ခွင့်ပြုချက်တောင်းရမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
“အကြမ်းဖျင်းပြောရရင်တော့ အစိုးရဘဏ္ဍာငွေနဲ့ အသုံးပြုထားတဲ့ရေလှောင်ကန် အဲဒီရေလှောင်ကန်က ရေကို ယူမယ်ဆိုလို့ရှိရင် အစိုးရကို ခွင့်ပြုချက်တောင်းရမယ် အစိုးရရဲ့ ခွင့်ပြုချက်ကို မတောင်းပဲနဲ့ လုပ်လို့မရဘူး၊ လိုတယ်ဆိုလို့ရှိရင် တောင်းပါ ဘယ်သူမှ ကန့်ကွက်စရာအကြောင်းမရှိဘူး အစိုးရခွင့်ပြုချက်မရှိပဲနဲ့ သုံးစွဲတာသင့်တော်သလား၊ အဲဒါကို အစိုးရက ဒီအတိုင်းကြည့်နေရမှာလား တောင်းလေ ရတာပဲ ဘာဖြစ်လဲ အစိုးရခွင့်ပြုချက်မရှိပဲ ဘာလို့လုပ်ရတာလဲ”ဟု ဒေါက်တာအေးဇံက ပြောဆိုသည်။
ခွင့်ပြုချက်မတောင်းခံပဲ အစိုးရ ရေပိုက်လိုင်းကို လမ်းလွဲဖြစ်အောင်လုပ်ခြင်းသည် ဥပဒေအရ ရာဇဝတ်မှုမြောက်ကြောင်း၊ အနိမ့်ဆုံး ထောင်ဒဏ် ၃ နှစ်ထိ ကျခံနိုင်သည့်အပြစ်ဒဏ် ချမှတ်နိုင်ကြောင်းလည်း ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆက်လက်ပြောဆိုသည်။
Photo – Danu Chan
Southern Myanmar News