ကိုဗစ်-၁၉ ဟာ မြန်မာပြည်သူတွေနဲ့ စီးပွားရေးအပေါ် အချိန်ကြာကြာ လွှမ်းမိုးနေဦးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
|ကိုဗစ်-၁၉ ကပ်ရောဂါဟာ မြန်မာနိုင်ငံ၊ မြန်မာ့စီးပွားရေးနဲ့ ပြည်သူတွေအပေါ်မှာ အချိန်ခပ်ကြာကြာ အရိပ်လွှမ်းမိုးနေဦးမယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(အားလုံးတစ်ပေါင်းတည်းကျော်လွှားခြင်း) အစီရင်ခံစာ မိတ်ဆက်မှာ အတိုင်ပင်ခံက ခုလို ရေးသားပြောကြားထားပါတယ်။
ဒါကြောင့် အခုကစပြီး ပြတ်ပြတ်သားသားဆောင်ရွက်ခြင်းနဲ့ လူတိုင်း၊ အိမ်ထောင်စုတိုင်း ရင်ဆိုင်နေရတဲ့ စီးပွားရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ဖြေလျှော့နိုငမှာဖြစ်စလို ရှေ့တန်းက သူရဲကောင်းကျန်းမာရေးလုပ်သားတွေကို ခွန်အားရှိစေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဟာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှမကျန်ခဲ့စေဘဲ ပါဝင်သူအားလုံးရဲ့ လိုအပ်ချက်တွေကို အတက်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်လို့လည်း ဆိုပါတယ်။ ကိုဗစ်ကြောင့် ထင်သာမြင်သာရှိတဲ့အချက်ကတော့ ကြိုတင်ခန့်မှန်းထားတဲ့ အခွန်ငွေ မရရှိနိုင်တာဖြစ်ပြီး အခွန်လျော့ကျမှုကြောင့် အစိုးရရဲ့ ခွဲဝေချထားတဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့လိုလာတယ်လို့ အတိုင်ပင်ခံကပြောပါတယ်။
အဲဒီအသုံးစရိတ်တွေကိုလျှော့ချပြီး ကိုဗစ်နဲ့ ဆက်စပ်တဲ့အသုံးစရိတ်တွေအဖြစ် ပြန်လည်ခွဲဝေပေးဖို့လိုအပ်လာတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကိုဗစ်ကြောင့် ကျန်းမာရေးနဲ့စီးပွားရေးမှာ မကြုံစဖူး စိန်ခေါ်မှုတွေကို ကြုံလာရဦးမှာဖြစ်ပြီး မြန်မာနိုင်ငံက ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးကမှ ဒီအခြေအနေကို တောင့်ခံနိုင်လိမ့်မယ်မထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ကိုဗစ်နဲ့ပတ်သက်ပြီး အတိတ်တုန်းက အသေးစိတ်အစီအစဉ်တွေချခဲ့တာမရှိပေမယ့်လည်း ဒီစိန်ခေါ်မှုကိုတိုက်ဖျက်ဖို့အတူတကွရင်ဆိုင်ဖို့လိုကြောင်းနဲ့ အခု စီးပွားရေးကုစားမှုအစီအစဉ်ဟာ ကိုဗစ်ကြောင့် ကြုံရမယ့် စီးပွားရေးသက်ရောက်မှုတွေကို ကုစားနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဧပြီ ၂၇ ရက်က အစိုးရနေ ထုတ်ပြန်လိုက်တဲ့အစီရင်ခံစာမှာ ကိုဗစ်-၁၉ ကြောင့် သက်ရောက်မှုရှိနိုင်မယ့် စီးပွားရေးလုပ်ငန်းတွေကို ချေးငွေထပ်ချပေးဖို့အပါအဝင် ဆင်းရဲနွမ်းပါးသူတွေကို ထောက်ပံ့ငွေပေးတဲ့အစီအစဉ်မျိုးတွေထိ ပါဝင်ထားပါတယ်။
သတင်း – BBC Burmese