ကိုဗစ်ပိုးကင်းသူများ၏ သွေးရည်ကြည်နှင့် ရောဂါပိုးရှိသူများကို ကုသပေးမည်

ကိုဗစ်ပိုးကင်းသူများ၏ သွေးရည်ကြည်နှင့် ရောဂါပိုးရှိသူများကို ကုသပေးမည်

ရန်ကုန်၊ မေ ၂

ကိုဗစ် ၁၉ ရောဂါပိုးကင်းစင်သူ၏ သွေးရည်ကြည်နှင့် ရောဂါပိုးရှိသူများကို မကြာခင် ကုသမှုပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

ကိုဗစ် ၁၉ နှင့် ပတ်သက်ပြီး နိုင်ငံတကာကုထုံးများ၊ သုတေသနတွေ့ရှိချက်များ၊ ဆေးပညာကျင့်ဝတ်တို့အပေါ် မူတည် ၍ မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ရန် သင့်လျော်သည့်အခြေအနေများကို အကြံပြုနိုင်ရန်အတွက် ဆေးပညာ နှင့် သုတေသနဆိုင်ရာ ကျွမ်းကျင်ပညာရှင်များပါဝင်သည့် ယာယီ(Ad hoc) အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါသွေးရည်ကြည်ကုထုံးမှာ နိုင်ငံတကာတွင်လည်း ကုသမှုပေးလျက်ရှိနေပြီး မြန်မာနိုင်ငံတွင်လည်း မကြာခင်ကုသမှုများ စတင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ကုထုံးတစ်ခုလို့ပြောလို့ရပါတယ်။ ပိုးတစ်ခုဝင်လာရင် ခန္ဓာကိုယ်က ပဋိပစ္စည်းထွက်တယ်။ ပဋိပစ္စည်းတွေက ရောဂါပျောက်ကင်းသွားတဲ့သူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်ခဲ့တာပေါ့။ သူ့ခန္ဓာကိုယ်က ပြန်နိုင်သွားတဲ့ သဘော မျိုးပေါ့။ အဲဒီပဋိပစ္စည်းတွေပါတဲ့ သွေးရည်ကြည်ကို တခြားပိုးရှိတဲ့သူတွေမှာ သွင်းမယ်ဆိုရင် ပဋိပစ္စည်းတွေက ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ပိုးတွေကို ဖယ်ရှားနိုင်အောင် အကူအညီပေးတဲ့သဘောပေါ့။ ခုခံအားစနစ်ကိုသုံးပြီး ကုသတဲ့သဘောပါ”ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

လက်ရှိတွင် ကိုဗစ် ၁၉ရောဂါပိုး ကင်းစင်သူမှာ ၃၁ ဦးအထိရှိလာပြီး ၎င်းတို့၏ သွေးရည်ကြည်ကို ထုတ်ယူထား မည်ဖြစ်သည်။

“ကျွန်တော့်ရဲ့သွေးကို ယူထားပြီး သွေးရည်ကြည်နဲ့ တခြားလူတွေကို ကုသပေးမယ်လို့ ပြောတယ်။ ကျွန်တော် လည်း ကုသိုလ်ရချင်လို့ လှူမယ်လို့ ပြောထားတယ်”ဟု ရောဂါပိုးကင်းစင်ပြီး ဆေးရုံဆင်းခွင့်ရပြီဖြစ်သော လူနာအမှတ် ၉ ကပြောကြားသည်။

နိုင်ငံတကာတွင်လည်း ကိုဗစ် ၁၉ ရောဂါပိုးအတွက် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် စမ်းသပ်မှုများ စတင်နေ ပြီဖြစ်ပြီး လူသားများတွင် စမ်းသပ်ထိုးနှံခြင်းအဆင့်အထိ လုပ်ဆောင်နေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ရောဂါပိုးကူးစက်ခံရသူစုစုပေါင်း ၁၅၁ဦးနှင့် သေဆုံးသူ ခြောက်ဦးရှိကာ ရောဂါပိုးကင်းစင်၍ ပြန်လည်ကောင်းမွန်လာသူ ၃၁ရှိနေပြီဖြစ်သည်။

The Voice Journal

Add a Comment

Your email address will not be published.