တောင်ကြီးမှာ စက်သုံးဆီ92တစ်လီတာကို ကျပ်၃၇၀သာ ပေါက်ဈေးရှိပြီး တောင်ကြီးမြို့ရဲ့ စံချိန်တင်ဈေးကျဆင်းမှုဖြစ်နေ

တောင်ကြီး၊ မေ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီကနေ့ မေလ ၁ရက်က စက်သုံးဆီ 92 တစ်လီတာကို ကျပ် ၃၇၀သာ ပေါက်ဈေး ရှိနေပြီး စံချိန်တင်ဈေးကျဆင်းမှုဖြစ်နေကြောင်း တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တွေထံမှ သိရပါတယ်။

တောင်ကြီးမြို့မှာ စက်သုံးဆီဈေးကွက်အရ ဧပြီလ ၃၀ရက်နေ့မှာ 92တစ်လီတာကို ၃၈၀ကျပ်အထိရှိခဲ့ရာမှ ဒီကနေ့မေလ ၁ရက်နေ့မှာ ၃၇၀ကျပ်သာ ပေါက်ဈေးရှိနေပြီး တစ်လီတာကို ၁၀ကျပ်ကျဆင်း လာတာ ဖြစ်ကြောင်း သိရပါတယ်။

အဲဒီလိုပဲ 95 တစ်လီတာကို ဧပြီလ ၃၀ရက်နေ့မှာ ၅၅၀ကျပ်ရှိခဲ့ရာမှ ဒီကနေ့ မေလ ၁ရက်မှာ ၅၄၀ကျပ်သာ ပေါက်ဈေးရှိနေပြီး တစ်လီတာကို ၁၀ကျပ်ကျဆင်းလာကြောင်း၊ ဧပြီလ ၃၀ရက်နေ့မှာ ဒီဇယ် တစ်လီတာကို ၅၁၀ကျပ်မှ မေလ ၁ရက်နေ့မှာ ၄၉၀ကျပ် အထိကျဆင်းခဲ့ကာ တစ်လီတာကို ၂၀ကျပ်ကျဆင်းလာကြောင်းနဲ့ ဧပြီလ၃၀ရက်နေ့မှာ ပရီမီယမ်ဒီဇယ်တစ်လီတာကို ၅၃၅ကျပ်မှ မေလ ၁ရက်နေ့မှာ ၅၁၅ကျပ်အထိ ကျဆင်းခဲ့ပြီး တစ်လီတာကို ၂၀ကျပ်အထိကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။

“ဓာတ်ဆီစျေးကျတာဟာကောင်းပါတယ်။ ဒါပေမယ့်စီးပွားရေး လောကမှာ မလည်ပါတ်နိုင်တော့ တစ်ခါတစ်လေမှာအလုပ် လုပ်ရတာ ခက်လာတယ်။ အသွားအလာတွေပြတ်တောက်ပြီး လူတွေဟာ အဝင်အထွက်မရှိတော့ဘဲ အသွားအလာနည်းသွားတာ ကြောင့် စက်သုံးဆီကျဆင်းပေမယ့် ကုန်စည်တွေဟာစီးဆင်းမှု မရှိဘဲ လူထုအပေါ်မှာ အကျိုးသက်ရောက်မှုအားနည်းတယ်။ ပုံမှန်လေးဖြစ်သွားအောင်ထိန်းချုပ်ဖို့လိုအပ်တယ်”လို့ တောင်ကြီးမြို့ ဒေသခံပြည်သူတစ်ဦးဖြစ်သူ ဦးဝင်းကိုက ပြောပါတယ်။

အဲဒီလိုဖြစ်တာဟာ Covid-19ကပ်ရောဂါနဲ့ဆက်နွယ်ပြီး ပို့ဆောင်ရေးလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းတွေ နိုင်ငံတော်တော်များများက လည်ပတ်မှုတွေ ရပ်ဆိုင်းသွားပေမယ့် ထုတ်လုပ်နေတဲ့ စက်သုံးဆီတွေက လှောင်ထားဖို့အခက်အခဲ ရှိနေတဲ့အတွက် ရတဲ့ဈေးနဲ့ ထုတ်ရောင်းနေရတာဖြစ်တယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *