ယာယီရပ်နား စက်ရုံလုပ်သားများ၏ လစာ ၄၀ ရာခိုင်နှုန်း အစိုးရက ထောက်ပံ့မည်

အစိုးရ ညွှန်ကြားချက်များကို လိုက်နာကာ ဧပြီ ၂၀ ရက်မှ စတင်ပြီး ယာယီရပ်နားခဲ့သည့် စက်ရုံများမှ အလုပ်သမားများ ကို လူမှုဖူလုံရေးကြေး ၄၀ ရာခိုင်နှုန်း ထုတ်ပေးမည်ဟု အလုပ်သမား၊ လူမှုဖူလုံရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဧပြီ ၂၈ ရက်နေ့က ထုတ်ပြန်လိုက်သည်။

စက်ရုံအလုပ်ရုံများရှိ လူမှုဖူလုံရေး မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများ အတွက် ဧပြီလ ၂၀ ရက်နေ့မှ စတင်၍ ရပ်နားထားသည့် ရက်များအလိုက် ထည့်ဝင်ကြေးပေးသွင်းထားသည့် လုပ်ခ၊ လစာ၏ ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်အဖြစ် ထုတ်ယူခံစားခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။

လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက “သူတို့ဘက်က လျှောက်လွှာရောက်လာရင် ကျနော်တို့ဆီ မှာ မကြာပါဘူးခင်ဗျ။ အမြန်ဆုံးပေးဖို့ ဆောင်ရွက်နေပါတယ်။ လျှောက်လွှာတင်တဲ့ရက်ကို စိစစ်ရမှာပေါ့။ ပိတ်ရက်တွေနဲ့ သူတို့တင်ပြတဲ့ ရက်တွေနဲ့ မှန်တယ်ဆိုရင် ကျနော်တို့အမြန်ဆုံး ထုတ်ပေးဖို့ လုပ်နေပါတယ်” ဟု ပြောသည်။

လျှောက်လွှာတင်သွင်းသည့် အချက်အလက်များကို မှန်မှန်ကန်ကန် စိစစ်နိုင်ရန် အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေး ဦးစီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း စစ်ဆေးထားသည့် အစီရင်ခံစာများကိုပါ ရယူ စစ်ဆေး နေခြင်းဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) မှ လက်ထောက် အထွေထွေ အတွင်းရေးမှူး မဖြိုးစန္ဒာစိုးက “လုံ၀ သုညအနေအထားကနေ လုပ်ခလစာရဲ့ ၄၀ ရာခိုင်နှုန်း ရတယ်ဆိုတဲ့ အနေအထားပေါ်မှာပြောရင် ဒါနိုင်ငံတော်က စဉ်းစားပေးတာ ကျေးဇူးတင်တယ်”ဟု ပြောသည်။

အလုပ်သမားများ အနေဖြင့် အဆိုပါခံစားခွင့်ကို မရရှိခြင်းနှင့် လုပ်ငန်းရှင်အချို့က နည်းလမ်းအမျိုးမျိုးနှင့် အလွဲသုံးစား ပြုလုပ်ခြင်းတို့လည်း ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

မဖြိုးစန္ဒာစိုးက “အလုပ်သမားတွေကို ခွင့်ပေးလိုက်တာ ရှောင်တခင်ခွင့်တို့ လုပ်သက်ခွင့်တို့ ပေးရင် အဲဒီအတွက် လုပ်အားခကို အလုပ်ရှင်က ပေးရမှာ။ ဒါကို လုပ်ငန်းရှင်က တဖက်ကနေကျတော့ အလုပ်ပိတ်တယ်ဆိုပြီး လူမှုဖူလုံရေးက ပိုက်ဆံကို လာထုတ်နေတယ်။ မပိတ်ဘဲနဲ့ ပိတ်တယ်ပြောပြီးလည်း တောင်းလာနိုင်တယ်”ဟု ဆိုသည်။

COVID-19 ရောဂါအား ကာကွယ် ထိန်းချုပ်နိုင်ရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန သည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့်အတူ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်း အဖွဲ့များ ဖွဲ့ကာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ဧပြီ ၂၀ ရက်မှ ၃၀ ရက်အတွင်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်သဖြင့် ယာယီရပ်နားထားရန်နှင့် စည်းကမ်းချက်များနှင့် ကိုက်ညီမှသာ ပြန်ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ကြောင်း ဧပြီလ ၁၉ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းညွှန်ကြားချက်ကို လိုက်နာပြီး ယာယီ ရပ်နားထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၏ အလုပ်ရှင်များသည် လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအတွက် အဆိုပါခံစားခွင့်ကို ထုတ်ယူရန် သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေး ရုံးများမှတဆင့် လျှောက်ထားနိုင်ကြောင်း လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ဧပြီလ ၂၉ ရက်အထိတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၅၀ ဦး ရှိနေပြီ ဖြစ်ပြီး သေဆုံးသူ ၆ ဦး ရှိကာ ပိုးတွေ့ပြီး ပြန်လည် သက်သာလာသူ ၁၆ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သတင်း – သဇင်လှိုင်(ဧရာဝတီ)

Add a Comment

Your email address will not be published. Required fields are marked *