fbpx

Covid-19 ကြောင့် နိုင်ငံရေးသြဇာမြင့်တက်လာတဲ့ ဟိုဘက်နိုင်ငံကအဖွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပထမဆုံး Covid-19 ရောဂါပိုးတွေ့တဲ့ မတ်လအစောပိုင်းကတည်းက ရှိတ်ဟာဆီနာဟာ ပထမဆုံး ကျောင်းတွေ ပိတ်ခဲ့တယ်။ နိုင်ငံတွင်းက အရေးမကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေကို အွန်လိုင်းကတစ်ဆင့်လုပ်ဖို့ တွန်းအားပေး လုပ်ဆောင်ခဲ့တယ်။ နည်းပညာကို ထိထိရောက်ရောက်အသုံးချခဲ့ပြီး ဗြိတိန်နိုင်ငံတောင်မှ ဘာမှမလုပ် သေးတဲ့အချိန် ဘင်္ဂလားဒေ့ရှ် လေဆိပ်တွေမှာ လူပေါင်း ၆သိန်းခွဲကျော်ကို စစ်ဆေးမှု တွေ လုပ်ဆောင်ခဲ့ပြီး အဲဒီထဲက ၃ သောင်း ၇ ထောင်ကျော်ကို ချက်ချင်း quarantine ဝင်ခိုင်းခဲ့တယ်။

ဒါတွေက အမေရိကန်စီးပွားရေးမဂ္ဂဇင်း Forbes magazine ကြီးက ရေးသားဖော်ပြခဲ့တဲ့ အချက်တွေ.။ ဒီအချက်တွေကြောင့်ပဲ ဧပြီလ ၂၂ ရက်နေ့မှာ သူမဟာ ခေါင်း ဆောင်မှုအကောင်းဆုံးအမျိုးသမီး ၈ ဦး စာရင်းထဲ ထည့်သွင်းဖော်ပြခံခဲ့ရတယ်။

သူ့ရဲ့လုပ်ဆောင်ချက်တွေကို ထပ်ပြီးလေ့လာကြည့်တော့..။

ရောဂါစဖြစ်တဲ့အချိန် အရေးပေါ်သုံးဖို့ ဒေါ်လာ သန်း ၅၉၀ လျာထားကြောင်း ကြေညာတယ်။ နိုင်ငံတွင်းက အထည်ချုပ်စက်ရုံတွေ မရပ်အောင် လုပ်ငန်းရှင်တွေကို အတိုးမဲ့ ထုတ်ချေးပေးတယ်။ အောက်ခြေလူတန်းစား တွေ စားဝတ်နေရေးအတွက် စီစဉ်ပေးတယ်။

စီးပွားရေးလုပ်ငန်းတွေကို ချေးပေးနိုင်ဖို့ ဗဟိုဘဏ်ကို ဒေါ်လာ ၃ ဒဿမ ၅ ဘီလီယံကနေ ၅ ဘီလီယံထိ တိုးပြီး စီစဉ်ခိုင်းထားတယ်။ ဧပြီလ ၅ ရက်နေ့မှာ နောက်ထပ် ဒေါ်လာ ၈ ဒဿမ ၅ ဘီလီယံ သုံးပြီး စီးပွားရေး လုပ်ငန်းတွေအရှိန်မကျသွားအောင် လုပ်မယ့်အစီအစဉ်ကို ကြေညာတယ်။ အဲဒီငွေထဲက ဒေါ်လာ ၃.၅၄ ဘီလီယံကို စက်မှုလုပ်ငန်းနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ချေးပေးမယ်။ ၂ .၅၃ ဘီလီယံကိုတော့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို ချေးပေးမယ်..။

၁ ဘီလီယံဆိုတာ သန်း တစ်ထောင်ကို ပြောတာ။ ဒေါ်လာ ၁ ဘီလီယံ ဆို မြန်မာငွေ ဘီလီယံ ၁၄၀၀၊မြှောက်ကြည့်ပေတော့..။ သူ့နိုင်ငံအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း (၁၀၀) ရအောင် တောင်း ထားတယ်။ အဲဒီလို ရထားတာတောင်မှ နောက်ထပ် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အာရှအခြေခံ အဆောက်ဦရင်းနှီးမြုပ်နှံမှုဘဏ်၊ အစ္စလာမ်စ်ဖွံ့ဖြိုးရေးဘဏ်တွေဆီက ဒေါ်လာ ၂.၆ ဘီလီယံ အကူအညီ ထပ်တောင်းတယ်။ တစ်ဝက်လောက် ထပ်ရရင်ကို သူ့နိုင်ငံအတွက် တော်တော်အကျိုးရှိနေပြီ။

ပိုက်ဆံတွေ တောင်းထားပြီးပြီဆိုပြီး ထိုင်နေတာတော့ မဟုတ်ဘူး။ ရောဂါဖြစ်သူတွေ ကုသဖို့ ဆရာဝန်နဲ့သူနာပြု ၈၀၀၀ ကျော်ကို စုတယ်။ အတိုးပေးစရာမလိုတဲ့ ချေးငွေတွေ ထုတ်ပေးနေတာဖြစ်လို့ စီးပွားရေးသမားတွေအနေနဲ့ မစိုးရိမ်ကြဖို့ အားပေးတယ်။ အစားအသောက်ပြတ်လတ်မှုတွေ မဖြစ်အောင် ရှိသမျှမြေတွေမှာ စိုက်ပျိုးကြဖို့ တိုက်တွန်းတယ်၊ စိုက်ပျိုးမွေးမြူရေးအတွက် ဒေါ်လာ ၃.၅ ဘီလီယံ ကျော် ခွဲတမ်းချပေးထားတယ်။

ဒေသအာဏာပိုင်တွေနဲ့ ဗီဒီယိုကွန်ဖရင့်တွေ လုပ်တယ်။ ဗီဒီယိုကွန်ဖရင့်တွေ လုပ်ပြီးတာနဲ့ တင်ပြချက်တွေကို စုစည်းတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ချက်တွေကို ထုတ်ပြန်ပေးတယ်။ အခုဆို စက်တင်ဘာလအထိ ကျောင်းတွေပိတ်ဖို့ ပြတ်ပြတ်သားသား ကြေညာလိုက်ပြီ။ သူ့နိုင်ငံမီဒီယာတွေကတော့ သူ့ကို တော်တေ်ာ အမွှမ်းတင်ကြတယ်။

ကမ္ဘာ့နိုင်ငံတွေ၊ အိမ်နီးချင်းတွေကလဲ သူမကို ချီးကျူးဂုဏ်ပြုတာတွေ ရှိတယ်။ ရှိတ်ဟာဆီနာရဲ့ ဦးဆောင်မှု အောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ Covid-19 ရောဂါကို အောင်မြင်စွာ တိုက်ထုတ်နိုင်လိမ့်မယ်လို့ ယုံကြည် ပါကြောင်း တရုတ်နိုင်ငံက ထုတ်ဖော်ပြောခဲ့တယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ရှိတ်ဟာဆီနာကို အိန္ဒိယ ဦးဆောင်တဲ့ ဒေသတွင်း Covid-19 တိုက်ဖျက်ရေးအစီအစဉ်မှာ အမေရိကန်ဒေါ်လာ ၁.၅ သန်း ထည့်ဝင်ခဲ့လို့ ကျေးဇူးတင်စကားတွေ ပြောတယ်။ ဗြိတိန်မင်းသား ချားလ်က ရှိတ်ဟာဆီနာရဲ့ Covid-19 တိုက်ဖျက်ရေး လုပ်ဆောင်မှုတွေကို ချီးကျူးဂုဏ်ပြုတယ်။ မော်လဒိုက်လို တစ်ခြားနိုင်ငံတွေကလဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သူတို့ နိုင်ငံအပေါ် ကူညီမှုတွေအတွက် ကျေးဇူးတင်ကြောင်းတွေ ဆက်တိုက် ပြောနေကြတယ်..။

ဒီလိုနိုင်ငံတကာရဲ့ အလေးထားမှုတွေကြောင့် ရှိတ်ဟာဆီနာဟာ ဒီ Covid-19 အလွန်မှာ ကမ္ဘာ့သြဇာကြီးမားတဲ့အမျိုးသမီးခေါင်းဆောင်တွေထဲ ပါလာတော့မှာ သေချာနေပါပြီ..။ ကမ္ဘာ့နိုင်ငံတွေရဲ့ အလေးထားဆက်ဆံမှုအပေါ် မူတည်ပြီး သူမရဲ့ သြဇာသက်ရောက်မှုကြီးမားလာလေလေ၊ Covid အလွန်မှာ မြန်မာနိုင်ငံအပေါ် လူ(၇) သိန်းနဲ့ ပတ်သက်တဲ့ နိုင်ငံတကာဖိအားတွေက ဘယ်လောက်သက်ရောက်မှုရှိပြီး ပိုပြင်းထန်လာနိုင်မယ်ဆိုတာကတော့ စောင့်ကြည့်ရပါအုံးမယ်။

ဖြည့်စွက်ချင်တာကတော့ ဒီစာကိုရေးတဲ့ရည်ရွယ်ချက်ဟာ ကိုယ့်ဘေးမှာရှိတဲ့ အန္တရာယ်အရှိဆုံးနိုင်ငံက ခေါင်းဆောင်တစ်ယောက်ရဲ့ လုပ်ဆောင်မှုတွေကို သိစေနိုင်ဖို့ရယ်၊ အထူးသဖြင့် သူမဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှကို UN မှာ တက်ပြောပြီး ကမ္ဘာရဲ့အာရုံစိုက်မှုကိုရအောင်၊ မြန်မာနိုင်ငံအပေါ် ဖိအားပေးနိုင်အောင် လုပ်တတ်သူတစ်ယောက်ဖြစ်တဲ့အတွက် သူမ အကြောင်းနဲ့ပတ်သက်ပြီး ဗဟုသုတဖြစ်စေဖို့ပဲ ဖြစ်ပါတယ်။

Crd

ဦးတိမ်

Add a Comment

Your email address will not be published. Required fields are marked *