လကမ္ဘာပေါ်တက်ပြီး သတ္ထုတွင်းတူမဲ့ ဒေါ်နယ်ထရမ့်

အမေရိကန်နိုင်ငံ အနေနဲ့ အာကာသကို စူးစမ်းရှာဖွေခွင့်နဲ့ အာကာသ အရင်းအမြစ်တွေကို အသုံးပြုခွင့်ရှိတဲ့အတွက် လပေါ်မှာ သတ္ထုတွင်းလိုတယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ပြောဆိုလိုက်ပါတယ်။ ကမ္ဘာပြင်ပဘက် အာကာသနယ်ဟာ ဘုံပိုင်ဆိုင်တာလည်း ဖြစ်တဲ့အတွက် နိုင်ငံတကာ ခွင့်ပြုချက် ယူစရာ မလိုဘူးဆိုပြီးတော့လည်း သူ့ရဲ့ ၂၀၂၀ ဧပြီလ အစောပိုင်း အမိန့်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆာရာ ခရက်ဒက်စ်ဆိုတဲ့ အာကသဆိုင်ရာ ဂျာနယ်လစ်တဦးကတော့ လပေါ်မှာ မိုင်းတူးနိုင်မယ့် အပြင် လူတွေ အာကာသ အပြင်ဘက် ဝေးဝေး သွားနိုင်အောင်လည်း အထောက်အကူ ဖြစ်လာနိုင်ပြီး လဟာ အာကာသ ဂယ်လက်ဆီခေါ် ကြယ်များ အစုအဝေးကြီးတွေ ၊ တခုနဲ့တခု ကူးသန်းရာမှာ တထောက်ဝင်နားပြီး လောင်စာဆီ ဖြည့်ရတဲ့ ဆီဆိုင်ကြီး တဆိုင်လည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒုံးပျံခရီးအတွက် လိုအပ်တဲ့ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင်လောင်စာတွေ ထုတ်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ လပေါ်မှာ ရှိနေလို့ပါ။

ဆတ်ဆက်တက္ကသိုလ်က စွမ်းအင်မူဝါဒဆိုင်ရာ ပါမောက္ခ ဘန်ဂျမင် ဆိုဗာကူးကတော့ ကမ္ဘာမြေပေါ်မှာ ရာသီဥတုတွေ ဖောက်ပြန် ပြောင်းလဲလာတာကြောင့် အာကာသထဲက အရင်းအမြစ်တွေလည်း လိုအပ်တယ်လို့ ဆိုပါတယ်။ လ လို တနေရာတည်းကနေ ကမ္ဘာအတွက် ကုန်ကြမ်းတွေ မှာယူရမယ်ဆိုရင် လွယ်ကူ အဆင်ပြေနိုင်မယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဒါပေမယ့် အာကာသတွင်း သတ္ထုတွင်းတာကို ကမ္ဘာပေါ်က ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ပြဿနာအတွက် ရေတို ဖြေရှင်းမှုလို မသုံးသင့်ဘူးလို့လည်း မစ္စတာ ဆိုဗာကူးက ဆိုပါတယ်။

အမေရိကန်အနေနဲ့ အခုလို လပေါ်တက် သတ္ထုတွင်းတူးဖို့ အမိန့်ကြေညာချက်ထုတ်ရတဲ့အထိ ဖြစ်လာတာဟာ ကမ္ဘာပေါ်မှာ အမေရိကန်အတွက် တူးခွင့် အကန့်အသတ်တွေ ရှိလာတာကြောင့်လည်း တကြောင်းဖြစ်နိုင်ပါတယ်။ သတ္တုတွင်းတူးရာမှာ တရုတ်၊ ရုရှားတို့ကို အမေရိကန် မမှီနိုင်တော့တာကြောင့် ခုလို လ ပေါ်မှာ တူးဖို့ ထွက်ပေါ်လာခြင်းပါ။ ဒီလို တူးနိုင်ခဲ့လျှင် အမေရိကန်အတွက် နာမည်ကောင်း ရလာမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

တရုတ်ဘက်ကတော့ သူတို့ရဲ့ လောလောဆယ် လစီမံကိန်းမှာ သတ္ထုတွင်းတူးဖို့ထက် လပတ်လည် ဆိုလာပြားတွေ ထားပြီး တကမ္ဘာလုံးအတွက် လုံလောက်မယ့် လျှပ်စစ်ဓါတ်အားထုတ်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။

Source : BBC

 

Add a Comment

Your email address will not be published. Required fields are marked *