ဗိုလ်ချုပ်အောင်ဆန်းပါ၀င်ခဲ့သော ရုပ်ရှင်ဇာတ်ကား

သိမ်းထားဖို့ ပြန်တင်ပါတယ်

ဗိုလ်ချုပ်အောင်ဆန်းပါ၀င်ခဲ့သော ရုပ်ရှင်ဇာတ်ကား

ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀က ဘွိုင်ကော့တာ (Boycotter) အမည်ရှိ ုပ်ရှင်ဇာတ်ကားတစ်ကားတွင် ပါ၀င်သရုပ်ဆောင်ခဲ့ဖူးရာ ထိုစဉ်က နာမည်မထင်ရှားသေးသဖြင့် လူသိနည်းလှပါသည်။

ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကား

ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကားကို ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာဦးဘဇင်က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်ကားတွင် တင်ဆွေ၊ လှမောင်ကြီး၊ မေမေ၀င်းနှင့် ရုပ်ရှင်သရုပ်ဆောင်များစွာ ပါ၀င်ထားကြကာ ၁၈ စက်တင်ဘာ ၁၉၃၇ တွင် ရန်ကုန်မြို့ အိုလံပီယာရုပ်ရှင်ရုံ၌ ပြသခဲ့ပါသည်။

ကျောင်းသားခေါင်းဆောင်များ

ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကားတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကျောင်းသားခေါင်းဆောင်များ အများအပြား ပါ၀င်သရုပ်ဆောင်ထားကြသည်။ ကျောင်းသားကိုအောင်ဆန်းသာမက ကိုနု (နောင်၀န်ကြီးချုပ်)၊ ကိုရာရှစ် (နောင်၀န်ကြီး)၊ ကိုထွန်းအုံ (နောင်မြူနီစီပယ်မင်းကြီး)တို့လည်း ပါ၀င်ခဲ့ကြသည်။ ကိုနုသည် ကိုယ်တိုင်ပါ၀င်သရုပ်ဆောင်ရုံမျှမက ဇာတ်ညွှန်းနှင့် တွဲဖက်ဒါရိုက်တာအဖြစ်ပါ တာ၀န်ယူခဲ့ပါသည်။

ဇာတ်လမ်းအကျဉ်း

ဘွိုင်ကော့တာဇာတ်ကားကို ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်တွင် ဦးဆောင်နေသူ လှမြင့်က အမျိုးသားတက္ကသိုလ် တည်ဆောက်ရေးနှင့် စည်းရုံးရေးအတွက် ရန်ကုန်မှပဲခူးသို့ မီးရထားဖြင့်လာခဲ့ရာမှ အစပြုထားပါသည်။ လှမြင့်နှင့်အတူ ပါလာသူ ယောက်ျားဟန်၀တ်ဆင်ထားသော သန်းသန်းအား ရာဇ၀တ်အုပ်က မသင်္ကာ၍ စစ်ဆေးရာမှ မိဘများ သိရှိသွားကြသဖြင့် ထွက်ပြေးကြရသည်။

ရန်ကုန်တွင် လှမြင့်က သန်းသန်းနှင့်လက်ထပ်ကာ အတူပေါင်းသင်းနေထိုင်စဉ် မျက်နှာချင်းဆိုင်အိမ်မှ လှမောင်ကြီးက ရန်ပုံငွေထည့်၀င်ခြင်း၊ ထမင်းဖိတ်ကျွေးခြင်းတို့ဖြင့် ရင်းနှီးအောင်ကြံဆောင်ခဲ့သည်။ လှမြင့်စည်းရုံးရေးခရီးမှ ပြန်ရောက်လာသောအခါ ဇနီးအား အထင်လွဲသွားသည်။ သန်းသန်းက အိမ်မှဆင်းသွားရာ လိုက်လံရှာဖွေရင်း နောက်ဆုံး ပြန်လည်ဆုံစည်းကြရင်း အမျိုးသားတက္ကသိုလ်ဖွင့်ပွဲ ပျော်ရွှင်စွာဆင်နွှဲကြပုံဖြင့် ဇာတ်သိမ်းထားပါသည်။ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းတို့က လှမြင့်အမျိုးသားတက္ကသိုလ် ထူထောင်ရေးအတွက် စည်းရုံးဟောပြောသည့်အခန်းတွင် ပါ၀င်သရုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

သူရိယသတင်းစာမှ ဖော်ပြချက်

ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ၂၄ စက်တင်ဘာ ၁၉၃၇ ရက်စွဲပါ သူရိယသတင်းစာတွင် ‘ဘွိုင်ကော့တာ ကျောင်းသူကျောင်းသားတို့ တိုးဝှေ့ကြည့်ကြပုံ’ ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြရာ၌ “လွန်ခဲ့သည့် ယူနီဘာစီတီ အရေးတော်ပုံကြီးနှင့် ပတ်သက်၍၊ ဗြိတိသျှဘားမား အရေးတော်ပုံကြီးနှင့် ပတ်သက်၍ ကုမ္ပဏီဒါရိုက်တာ ဦးဘဇင်သည် ၀တ္ထုသဘောမျိုးသက်၀င်သည့် တကယ့်အဖြစ်များကို မျက်စိပသာဒ၌ ကွင်းကွင်းကွက်ကွက်ပေါ်လာအောင် ‘ဘွိုင်ကော့တာ’ ဇာတ်ထုပ်ကို ရိုက်ကူး၍ ယခုအခါ အော်လံပီယာရုံကြီး၌ ပြသလျက် ရှိကြောင်း။

ထိုဇာတ်ထုပ်ကြီးကို ပြသသည့်နေ့တွင် ရန်ကုန်မြို့ပေါ်ရှိ ကျောင်းတိုင်းကျောင်းတိုင်း သပိတ်မှောက်ကျောင်းသူကျောင်းသားများသည် သူ့ထက်ငါတိုးဝှေ့၍ အားတက်သရော ကြည့်ရှုကြပြီးလျှင် ကောင်းချီးပေးကြကြောင်း” စသည်ဖြင့် ရေးသားဖော်ပြခဲ့သည်။

ကိုအောင်ဆန်းကို မသိကြသေး

ဘွိုင်ကော့တာဇာတ်ကား ပြသစဉ်က ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအောင်ဆန်းအား တိုင်းပြည်က ကောင်းစွာသိရှိကြဟန် မတူသေးပေ။ ဇာတ်ကားအကြောင်း သတင်း၌ “ဘွိုင်ကော့တာကား ဇာတ်ထုပ်ကို စီစဉ်သူများမှာ သပိတ်မှောက်ခေါင်းဆောင် ဦးနု၊ မစ္စတာရာရှစ်၊ သပိတ်မှောက်ကောင်စီ၀င် ကောလိပ်ကျောင်းသူကျောင်းသားများနှင့်တကွ ဒါရိုက်တာဦးဘဇင်ပင်ဖြစ်ကြောင်း” ဟူ၍ ဖော်ပြထားသော်လည်း ကိုအောင်ဆန်း၏အမည် မပါရှိခဲ့ပေ။

ကိုယ်တွေ့အဖြစ်အပျက်

ရုပ်ရှင်ဇာတ်ကားတွင် ကိုအောင်ဆန်းနှင့် တက္ကသိုလ်ကျောင်းသားများပါ၀င်သော ဇာတ်၀င်ခန်းကို လက်တွေ့အဖြစ်အပျက်နှင့် အတတ်နိုင်ဆုံးတူညီစွာ ရိုက်ကူးခဲ့ပုံနှင့် ပတ်သက်၍လည်း သူရိယသတင်းထောက်က “ကျွန်ုပ်သည် သပိတ်မှောက်သည့်နေ့က ကိုယ်တွေ့မျက်မြင်တစ်ဦး ဖြစ်သည့်အတိုင်း ဘွိုင်ကော့တာဇာတ်ထုပ်ကို ပထမနေ့ကပင် ကြည့်ရှုရာ ဇာတ်ထုပ်တွင်ပါရှိသည့် အခန်းများမှာ သပိတ်မှောက်စဉ်အခါက ဖြစ်ပျက်သော အဖြစ်အပျက်များနှင့် တစ်သဝေမတိမ်း ထပ်တူထပ်မျှ တူလှပေကြောင်း။ ဤကဲ့သို့ အဖြစ်အပျက်ကိုရိုက်ကူး၍ ဇာတ်ထုပ်သဖွယ် ပြုလုပ်ပြသည်မှာ ကျွန်ုပ်သိရသလောက် ဗြိတိသျှဘားမားက အရှေးဦးပထမပင်ဖြစ်ကြောင်း” စသည်ဖြင့် ရေးသားဖော်ပြခဲ့သည်။

ဒါရိုက်တာ ဦးဘဇင်

ဘွိုင်ကော့တာဇာတ်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာဦးဘဇင်မှာ မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူဖြစ်သည့်အပြင် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသူတစ်ဦးဟုလည်း ဆိုနိုင်ပါသည်။ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်ဖြစ်ပြီးစ ကာလ၌ပင် ကျောင်းသားသပိတ်ကာလ အဖြစ်အပျက်များကို ဇာတ်လမ်းတွင် ထည့်သွင်းရိုက်ကူးဝံ့ခြင်းမှာ အံ့မခန်းစိတ်ဓာတ်ပင် ဖြစ်ပါသည်။

သတင်းဖော်ပြရာတွင် “ဇာတ်ကား၌ ကြောက်စိတ်ကျွန်စိတ်တွေဖျောက်ပြီး ဇာတိမာန်တက်ကြွစေ၍ အမျိုးသားအကျိုးကို မလျော့သောလုံ့လနှင့် ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း။ ၎င်းပြင် အမျိုးသားတက္ကသိုလ် ဖြစ်မြောက်ရန်အတွက် ကျောင်းတော်သူ ကျောင်းတော်သားများက မည်ကဲ့သို့ဆောင်ရွက်သည့် အခန်း၊ အခက်အခဲများကို ရိုက်ကူးထားသဖြင့် ဒါရိုက်တာဦးဘဇင်အား အထူးချီးမွမ်းထိုက်ကြောင်း” စသည်ဖြင့် ရေးသားထားသည်ကို တွေ့ရှိရပါသည်။

သတင်းစာဆရာတစ်ဦး၏ အမြင်

မဏ္ဍိုင်သတင်းစာမှ သတင်းစာဆရာတစ်ဦးဖြစ်သူ မောင်ထိန်က နောက်ပိုင်းသူ၏အမြင်ကို ရေးသားဖော်ပြရာတွင် “ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်သည် ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီဒါရိုက်တာ သခင်နု (ယခု၀န်ကြီးချုပ်ဦးနု) ရိုက်ကူးသော ဘွိုင်ကော့တာဇာတ်ကားမှ စတင်သိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ပါ၀င်ရိုက်ကူးသောအခန်းမှာ သပိတ်အရေးနှင့်တ်သက်၍ ကျောင်းသားသမဂ္ဂခေါင်းဆောင်များ စည်းဝေးခန်းဖြစ်ပါသည်။ ထိုအခန်းတွင် သခင်အောင်ဆန်း၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ ဦးထွန်းအုံ(မြူမင်းကြီးဦးထွန်းအုံ)၊ မစ္စတာအမ်အေရာရှစ်(၀န်ကြီးဦးရာရှစ်)နှင့် သမဂ္ဂခေါင်းဆောင်များ ပါ၀င်ကြသည်။

ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်သည် သိပင်သိသော်လည်း လုံး၀ဂရုမထားချေ။ ကျွန်တော်တို့ခေါင်းဆောင်ကြီး ဖြစ်မည်ဟုလည်း လုံး၀မမျှော်လင့်ခဲ့ပေ။ ဘာကြောင့်နည်း။ သူ၏ အ၀တ်အစားချို့တဲ့မှု၊ ဆံပင်ကို ဖြီးလိမ်းခြင်းမရှိ၊ စုတ်ဖွားဖွားထားခြင်း၊ မျက်နှာအနေအထား ကြည်လင်မှုမရှိ၊ အမြဲမှုန်တေတေ ဖြစ်နေခြင်းတို့ကြောင့် သာမန်နောက်လိုက် အမှုဆောင်တစ်ယောက်ဟုပင် ထင်မိသည်” ဟု ရေးသားဖော်ပြခဲ့ဖူးပါသည်။

ကိုအောင်ဆန်း၏ သရုပ်ဆောင်ဟန်

ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကားတွင် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ သရုပ်ဆောင်ဟန်အဖြစ် တိုက်ပုံအနက်၀တ်ဆင်လျက် ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံကို တွေ့ရှိရပါသည်။ ကိုအောင်ဆန်း၏နောက်တွင် အခြားကျောင်းသားခေါင်းဆောင် အချို့ကိုလည်း တွေ့ရှိရပါသည်။ ယင်းဓာတ်ပုံမှာ ဘွိုင်ကော့တာရုပ်ရှင်ဇာတ်ကားမှ ကျောင်းသားကိုအောင်ဆန်း၏ သရုပ်ဆောင်ဟန်ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင် ရွှေရတုသဘင်အခမ်းအနား ကျင်းပစဉ်က သိမီလိုက်ကြသည့် ရုပ်ရှင်ပညာရှင်များက အတည်ပြုပြောကြားခဲ့ကြပါသည်။

လူကြမ်းမင်းသားအား ကရုဏာသက်ကြပုံ

ရုပ်ရှင်ကြည့် ပရိသတ်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ခေါင်းဆောင်များ သပိတ်မှောက်ကြသည့်အခန်း၊ တရားဟောကြသည့်အခန်းများကို ကြည့်ရှုအားပေးခဲ့ကြသကဲ့သို့ လူကြမ်းလှမောင်ကြီး၏ သရုပ်ဆောင်ပုံကိုလည်း ကြည့်ရှုကာ ၀မ်းနည်းကြေကွဲခဲ့ကြသည် ဆိုပါသည်။ လှမောင်ကြီးမှာ ဘွိုင်ကော့တာဇာတ်ကား ရိုက်ကူးပြီးစတွင် ကွယ်လွန်သွားခဲ့ရာ ဇာတ်ကားရုံတင်ပြသစဉ် သက်ရှိထင်ရှားမရှိတော့ပေ။ ပရိသတ်အချို့က ရုပ်ရှင်ကြည့်ရင်း “ကိုလှမောင်ရေ အမျှဗျို့” ဟူ၍ပင် အော်ဟစ်အမျှအတန်းဝေခဲ့ကြသည် ဆို၏။

နောင်တစ်ချိန်တွင် မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီးဖြစ်လာမည့် တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းကို ပရိသတ်က သတိမပြုမိကြသေးဘဲ လူကြမ်းလှမောင်ကြီးကိုသာ တမ်းတခဲ့ကြသည့်အပေါ် အမှတ်ရခဲ့မိကြောင်း ဘွိုင်ကော့တာဇာတ်ကား ကြည့်ရှုခဲ့ဖူးသူတစ်ဦးက ပြန်ပြောင်းပြောပြခဲ့ပါသည်။

ကျမ်းကိုး-
၁။ ဗိုလ်ချုပ်ဘာကြောင့် ခေါင်းဆောင်ဖြစ်ခဲ့သလဲ။ (မောင်ထိန်) မဏ္ဍိုင် (၁၉-၇-၁၉၅၅)
၂။ သူရိယသတင်းစာ(၂၄-၉-၁၉၃၇)ပါ သတင်းဖော်ပြချက်။

(ဘွိုင်ကော့တာရုပ်ရှင်ဇာတ်ကားကြော်ငြာ (ပုံသေး) နှင့် ဘွိုင်ကော့တာဇာတ်ကားမှ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ သရုပ်ဆောင်ဟန်)

Crd
Written by: တင်နိုင်တိုး

Add a Comment

Your email address will not be published. Required fields are marked *