ကြည့်မြင်တိုင် ဗဟိုစံပြငါးစျေးပိတ်လိုက်သဖြင့် စျေးသူစျေးသားများနှင့် စည်ပင်အငြင်းပွားမှုဖြစ်

ရန်ကုန်မြို့ ကြည့်မြင်တိုင် ဗဟိုစံပြငါးစျေးမှာ ကိုဗစ်-၁၉ ကူးစက်ခံရနိုင်တာကြောင့် စည်ပင်ကစျေးရောင်းခွင့်ပိတ်ပင်တဲ့အတွက် စျေးသူ စျေးသားတွေနဲ့ စည်ပင်ဝန်ထမ်းတွေ ဧပြီ ၂၄ရက်နေ့ မနက်ပိုင်းကစပြီး အငြင်းပွားမှု ဖြစ်နေပါတယ်။ ဗဟိုစံပြငါးစျေးက စျေးသည်တွေကို ရွှေပိတောက်စျေးကိုပြောင်းရွှေ့ရောင်းချဖို့ စည်ပင်က အမိန့်ထုတ်ထားတာပါ။

ဗဟိုစံပြငါးစျေးဝင်းကိုလည်း ကျန်းမာရေးအတွက်ပိတ်လိုက်တယ်လို့ စျေးသူစျေးသားတွေကပြောပါတယ်။ စျေးသူစျေးသားတွေကို စျေးရောင်းခွင့်မပေးတော့ပေမယ့် စံပြငါးစျေးဝင်းထဲမှာ စည်ပင်က ကားပါကင်အနေနဲ့ တစ်စီးကို ငွေကျပ် ၂၀၀၀ နှုန်းနဲ့ ကောက်ခံပြီး ယာဉ်တွေကို ရပ်နားခွင့်ပြုထားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။ ဗဟိုစံပြငါးစျေးက စျေးသည် ဒေါ်သီသီမိုးက “ ကျမတို့ကိုတော့စျေးရောင်းခွင့်မပြုတော့ပါဘူး။

ရွှေပိတောက်စျေးကို ပြောင်းပြီးရောင်းဖို့ပြောပါတယ်။ နေရာလည်းမစီစဉ်ပေးပါဘူး။ ရွှေပိတောက်စျေးမှာ နေရာ တစ်နေရာကို ငါးသောင်း၊ ခြောက်သောင်းပေးပြီး နေရာ ရောင်းစားနေပါတယ်။ ကျမတို့ကို စျေးရောင်းခွင့်သာမပေးတာ စံပြငါးစျေးမှာ စည်ပင်က ပါကင်ဖွင့်ပြီး ပိုက်ဆံကောက်နေပါတယ်။ တစ်စီးကို နှစ်ထောင်ကျပ်နှုန်းနဲ့ပါ” လို့ ပြောပါတယ်။ကိုဗစ်-၁၉ ကာလအတွင်းအခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးဟာ စိန်ခေါ်မှုဖြစ်နေတာပါ။ လက်လုပ် လက်စားတွေကတော့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့အတွက် အလုပ်ကို မဖြစ်မနေလုပ်ရမှာဖြစ်တယ်လို့ စံပြငါးစျေးက စျေးသည်တွေကပြောပါတယ်။
သတင်း – DVB TV News

Add a Comment

Your email address will not be published. Required fields are marked *