အောင်မြင်ရန် ၈၀ ရာခိုင်နှုန်းရှိနေသည့် COVID-19 ကာကွယ်ဆေးအား လူရာပေါင်းများစွာဖြင့် စတင်စမ်းသပ်


COVID-19 ကာကွယ်ဆေးအတွက် တစ်ကမ္ဘာလုံး အလုအယက် ကြိုးပမ်းကြလျက်ရှိနေရာလက်ရှိတွင် လူ၌ ကာကွယ်ဆေး စမ်းသပ်မှုများကိုပါ လုပ်ဆောင်လာလျက် ရှိပြီ ဖြစ်သည်။ သို့ရာတွင် အင်္ဂလန် အောက်စဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ၎င်းတို့သည် ကုသနိုင်မှု လမ်းကြောင်းပေါ်၌ ရှိနေပြီဟု ယုံကြည်မှု အရှိဆုံး ဖြစ်နေပုံရသည်။ Jenner Institute နှင့် မိတ်ဖက်ပြုပြီး ဖြစ်နိုင်ခြေရှိသော ကာကွယ်ဆေး ထုတ်လုပ်နေသည့် အောက်စဖို့ဒ်ပညာရှင်အဖွဲ့မှ အကြီးအကဲ အမျိုးသမီးပါမောက္ခဖြစ်သူ ဆာရတ်ဂျီဘတ်က ၎င်းတို့၏ ကာကွယ်ဆေးသည် အောင်မြင် ရန် ၈၀ ရာခိုင်နှုန်း အခွင့်အလမ်းရှိနေသည်ဟု ဆိုသည်။ ယင်းဆေးကို အစောဆုံး စက်တင်ဘာတွင် အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်တော့မည်ဟု ၎င်းက ပြောသည်။

အဆိုပါ ကာကွယ်ဆေးအား လူတွင် စမ်းသပ်မှုကို အောက်စဖို့ဒ်၌ ဧပြီ ၂၃ ရက်တွင် စတင်သည်။ အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြားရှိ ကျန်းမာရေးစေတနာ့ဝန် ၅၁၀ ဦးတွင် ယင်း ကာကွယ်ဆေးကို စမ်းသပ်သွားမည်ဖြစ်သည်။

COVID-19 ကာကွယ်ဆေး ထွက်ရှိလာရေးအတွက် နိုင်ငံတွင်း ကြိုးပမ်းနေမှုများတွင် အစိုးရက အစစအရာရာ ကူညီထောက်ပံ့ပေးနေကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်ကွတ်က ပြောသည်။ အောက်စဖို့ဒ် ပရော ဂျက်အတွက် အစိုးရရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၅ သန်းနီးပါး နှင့် Imperial College London က သုတေသနလုပ်ငန်းစဉ်များအတွက် နောက်ထပ် ဒေါ်လာ ၂၇ သန်းကို မတည်ပေးမည်ဟု ၎င်းက ကတိကဝတ်ပြုထား သည်။ ကာကွယ်ဆေး ရှာတွေ့ရေး တစ်ကမ္ဘာလုံး ကြိုးပမ်းနေမှုတွင် ဗြိတိန်နိုင်ငံသည် ရှေ့တန်း၌ ရှိနေသည်ဟု ၎င်းက ဆိုသည်။

“တစ်ကမ္ဘာလုံးမှာ ကာကွယ်ဆေး ရှာနေကြရာမှာ အခြားဘယ်နိုင်ငံထက်မဆို ကျွန်တော်တို့က ပိုပြီး ငွေအကုန်အကျခံနေတယ်။ ရှေ့တန်းမှာ ရှိနေတဲ့ ကာကွယ်ဆေး နှစ်ရပ်ကို အောက်စဖို့ဒ်နဲ့ Imperial မှာ စမ်းသပ်နေပြီ ဖြစ်တယ်။ အဲဒီ အလားအလာကောင်းတဲ့ ကာကွယ်ဆေးထုတ်လုပ်ရေး ပရောဂျက်နှစ်ရပ်စလုံးဟာ တိုးတက်မှုတွေ တစ်ဟုန်ထိုး ရရှိနေတယ်။ ကျွန်တော်ကတော့ ကာကွယ်ဆေး ထုတ်လုပ်ရေးမှာ ဦးဆောင်နေတဲ့ ပညာရှင် တွေကို ပြောထားတယ်။ ကျွန်တော်တို့ဖက်ကတော့ အစွမ်းကုန် ကူညီဖြည့်ဆည်းပေးသွားမယ်ဆိုပြီး ပြောထားတယ်။”ဟု ကျန်းမာရေးဝန်ကြီး ဟန်ကွတ်က ပြောသည်။
ပြီးခဲ့သည့်နှစ်က တရုတ်အလယ်ပိုင်း၌ ပထမဆုံး စတင်တွေ့ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်သော COVID-19 ရောဂါကြောင့် ကမ္ဘာတစ်လွှား သေဆုံးသူပေါင်း ၁၈၄၀၀၀ ဦးကျော် ရှိပြီး ဗိုင်းရပ်စ်ကူးစက်ထားသူပေါင်း ၂ ဒသမ ၆ သန်းကျော် ရှိနေသည်။

တစ်ကမ္ဘာလုံးတွင် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိသည့် ပရောဂျက်ပေါင်း ၁၂၀ ရှိသော်လည်း လူတွင် စမ်းသပ်ရန် အတည်ပြုခံထားရသည့် ပရောဂျက်မှာ ငါးခုသာ ရှိသေးသည်။
ref : CBS NEWS
translated by mizzima

Tags:

Add a Comment

Your email address will not be published. Required fields are marked *