ကိုဗစ်-19 ကူးစက်မှုအရေအတွက် သတင်းပေါက်ကြားမှုဖြင့် အစိုးရအမှုထမ်း စင်ကာပူနိုင်ငံသား အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ
|စင်ကာပူ – COVID-19 ကူးစက်မှုအရေအတွက် သတင်း ပေါက်ကြားမှုဖြင့် အစိုးရအမှုထမ်း အသက် (၃၅) နှစ်ရွယ် စင်ကာပူနိုင်ငံသား အမျိုးသမီးတစ်ဦးကို Official Secrets Act နှင့် Computer Misuse Act များအရ ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ သူသည် ဧပြီ (၁၆) ရက်နေ့တွင် COVID-19 ကူးစက်မှု အရေအတွက်နှင့် ပတ်သက်၍ အစိုးရမှ တရားဝင်သတင်း မထုတ်ပြန်ခင် ကူးစက်မှုလူနာအရေအတွက်ကို WeChat သီးသန့် group chat ထဲတွင် သူ၏ သူငယ်ချင်း မိတ်ဆွေများထံ သတင်းအချက်အလက်မျှဝေပေးခဲ့ကြောင်း ပဏာမ စစ်ဆေးမှုများအရ သိရှိရသည်။
၎င်းသတင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်သတင်းမထုတ်ပြန်ခင် Instagram တွင် ပျံ့နှံ့နေကြောင်း အဆိုပါနေ့ ညဦးပိုင်း ၇.၄၃ နာရီတွင် စင်ကာပူရဲဌာနမှ သတင်းရရှိခဲ့သည်။
ထပ်မံစစ်ဆေးမှုများအရ သူသည် နေ့စဥ် ကူးစက်လူနာဦးရေကို အခါအားလျော်စွာ မျှဝေမှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ သူသည် ခွင့်ပြုချက်မရှိဘဲ ကွန်ပျူတာထဲရှိ Covid-19 ကူးစက်လူနာများ၏ အချက်အလက် database ကို ဝင်ရောက်ရှာဖွေ၍ လူနာများ၏ ကိုယ်ရေးအချက်အလက်များကို သူငယ်ချင်းများထံသို့ ရံဖန်ရံခါ ပေးပို့ခြင်းများ ပြုလုပ်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ယခင်က COVID-19 cases များကို ညပိုင်းတွင် ကြေညာခဲ့သော်လည်း ယခုလို ဖြစ်ရပ်များထပ်မံဖြစ်ပွားမှုမှ ကာကွယ်ရန် နေ့စဥ်ကူးစက်မှု ပဏာမအရေအတွက်ကို နေ့ခင်းတွင် ပြောင်းလဲ ကြေညာရန် ဆုံးဖြတ်ခဲ့ပြီး အသေးစိတ်ကို ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
သူသည် မလျော်ကန်သည့် သတင်းပေးပို့ချက် wrongful communication ကြောင့် Official Secrets Act အရ ငွေဒဏ် စင်းဒေါ်လာ (၂၀၀၀) နှင့် ထောင်ဒဏ် (၂) နှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။ ခွင့်ပြုချက်မရှိသော သတင်းလက်ခံရရှိသူ unauthorised recipients များအနေဖြင့်လည်း လျှို့ဝှက်ထားရန် ဖြစ်သည့် စာများ၊ သတင်းများကို တဆင့် ပြန်လည် မျှဝေလျှင် Official Secrets Act အရ အရေးယူခံရနိုင်ကြောင်း သိရသည်။
သူသည် ခွင့်ပြုချက်မရဘဲ ကွန်ပျူတာထဲရှိ သတင်းအချက်အလက်များကို ဝင်ရောက်ရှာဖွေခြင်းအတွက် Computer Misuse Act အရ ငွေဒဏ် စင်းဒေါ်လာ (၅၀၀၀) နှင့် ထောင်ဒဏ် (၂) နှစ်အထိ ကျခံရနိုင်ကြောင်းလည်းသိရသည်။ (Source: ST)
Crd စလုံး (Page)