အိမ်ထောင်ရှိရှိ၊ မရှိရှိ ဖတ်ကြည့်ရင် အကျိုးမယုတ်မယ့်စာ (ဘာသာပြန်)

ကျွန်တော့်ဇနီး ညစာပြင်ဆင်နေတဲ့အချိန်မှာ ကျွန်တော်အိမ်ပြန်ရောက်ခဲ့ပါတယ်။ သူရဲ့လက်ကို ကိုင်ပြီး ကျွန်တော်ပြောလိုက်တယ်။
“မင်းကိုငါ ပြောစရာရှိတယ်”
သူကတော့ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေပြီး ညစာစားနေခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးတွေထဲမှာ နာကျင်မှုကို တွေ့မြင်နေရပါတယ်။

ကျွန်တော်ဘယ်ကစပြောရမှန်းတောင်မသိဘူး။ ဒါပေမယ့် ကျွန်တော်ဘာတွေ တွေးနေတယ် ဆိုတာကို သူ့ကိုပြောရမှာပါ။ ကျွန်တော် သူ့ကို ကွာရှင်းဖို့ ကိစ္စပေါ့။ တည်တည်ငြိမ်ငြိမ်ပဲ ကျွန်တော်စပြောခဲ့တယ်။ သူ့ကိုကြည့်ရတာတော့ ကျွန်တော့်စကားလုံးတွေ ကို စိတ်ပျက်နေပုံမတွေ့ရဘူး။ ကျွန်တော့်ကို နူးညံ့စွာပဲ မေးခဲ့ပါတယ်။ “ဘာကြောင့်လဲ” တဲ့။

သူ့မေးခွန်းကို မဖြေဘဲ စကားလွှဲလိုက်ပါတယ်။ အဲဒါကြောင့်ပဲ သူဒေါသထွက်သွားတယ်။ လက်ထဲကိုင်ထားတဲ့ တူတွေကို လွှင့်ပစ်ပြီး ကျွန်တော့်ကိုအော်တယ်။
“နင်ယောက်ကျားမဟုတ်ဘူးလား”
အဲဒီညက ကျွန်တော်တို့ စကားမပြောဖြစ်ကြတော့ပါဘူး။ သူကတော့ ငိုပဲ ငိုနေခဲ့ပါတော့တယ်။ ကျွန်တော်တို့ရဲ့ အိမ်ထောင်သည်ဘဝမှာ ဘာမှားယွင်းနေလဲ သူတွေးနေမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သူကျေနပ်မယ့်အဖြေမျိုး ကျွန်တော်မပေးနိုင်တာ ခက်တယ်။ ကျွန်တော် ဂျိန်းကို ချစ်မိနေလို့ သူ့ကိုဆက်မချစ်နိုင်တော့တာပါ။ သူ့ကို ကရုဏာသက်ရုံကလွဲလို့ ကျွန်တော်ဘာမှ မတတ်နိုင်တော့ပါဘူး။

ကိုယ့်ကိုကိုယ် အပြစ်တော်တော်ကြီးတယ်လို့ ခံစားနေရင်းပဲ ကွာရှင်းဖို့ သဘောတူညီချက်တွေကို ကျွန်တော်ရေးခဲ့ပါတယ်။ သူဟာ လက်ရှိအိမ်ရယ် ကားရယ် ကျွန်တော့်ကုမ္ပဏီက ရှယ်ယာ ၃၀% ရယ်ကို ရမှာဖြစ်ပါတယ်။ သူကတော့ အဲဒီသဘောတူညီချက်ကို ဖြတ်ကနဲ တစ်ချက်ကြည့်ပြီး အပိုင်းပိုင်းအစစ စုတ်ဖြဲပစ်လိုက်ပါတယ်။ ကျွန်တော်နဲ့ ဆယ်နှစ်လုံးလုံးပေါင်းသင်းလာတဲ့ မိန်းမဖြစ်ပေမယ့် ကြည့်ရင်းကြည့်ရင်း သူစိမ်းဆန်လာသလို ခံစားရပါတယ်။ ကျွန်တော် သူ့ရဲ့ အချိန်တွေ၊ စွမ်းအင်တွေကို ဖြုန်းတီးသလို ဖြစ်ခဲ့တာကို ဝမ်းနည်းပေမယ့် ဂျိန်းကို နူးညံ့ငြင်သာစွာ ပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့ စကားကို တော့ ပြန်မရုတ်သိမ်းနိုင်တော့ပါဘူး။ နောက်ဆုံးတော့ သူဟာ ကျွန်တော့်ရှေ့မှာ ကျွန်တော်မျှော်လင့် ထားခဲ့သလို ကျယ်လောင်စွာ ငိုကြွေးပါတော့တယ်။ သူဒီလို ငိုနေတာက ကျွန်တော့်ကို သက်သာရာ ရစေပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ရက်သတ္တပတ်ပေါင်းများစွာ တနုံ့နုံ့ဖြစ်နေခဲ့တဲ့ ကွာရှင်းခြင်းဟာ ခုတော့ ပိုမိုရှင်းလင်းခိုင်မာလာပါပြီ။

နောက်တစ်နေ့မှာ ကျွန်တော်အိမ်ကို တော်တော်နောက်ကျမှ ပြန်လာတော့ သူ့မှာကို စားပွဲမှာ ထိုင်ပြီး စာရေးနေတာတွေ့ရပါတယ်။ ကျွန်တော်ညစာ မစားခဲ့ရသေးပေမယ့် တစ်နေ့ကုန် ဂျိန်းနဲ့ စီစဉ်စရာရှိတာ တွေ စီစဉ်ခဲ့ရတော့ မြန်မြန်အနားယူချင်တာပဲ သိပါတယ်။ ကျွန်တော် တစ်ရေးနိုးလာတော့ သူ့ကို စားပွဲ မှာပဲ စာရေးနေတာ တွေ့တယ်။ သိပ်စိတ်မဝင်စားလို့ ဟိုဖက်လှည့်ပြီး ဆက်အိပ်ခဲ့ပါတယ်။

မနက်ရောက်တော့ ကွာရှင်းခြင်းအတွက် သူ့ဖက်က တောင်းဆိုချက်တွေကို ကျွန်တော့ကို ပြပါတယ်။ သူ ကျွန်တော့်ဆီက ဘာမှမလိုချင်ပါဘူး။ ဒါပေမယ့် မကွာရှင်းခင် တစ်လကြိုတင် အကြောင်းကြားဖို့ တောင်းဆိုပါတယ်။ ပြီးတော့ အဲလို တောင်းဆိုပြီး တစ်လအတွင်းမှာ သာမန် ဘာမှမဖြစ်သလို နေထိုင်ဖို့ လည်း သူကတောင်းဆိုပါတယ်။ သူ့ရဲ့ အကြောင်းပြချက်ကတော့ ရှင်းပါတယ်။ ရှေ့လမှာ ကျွန်တော်တို့ သားရဲ့ စာမေးပွဲရှိတယ်။ ကျွန်တော်တို့ရဲ့ ကွာရှင်းပြတ်စဲမှုကြောင့် သားရဲ့ပညာရေးကို မထိခိုက်စေချင် တာပါပဲ။

ဒါကို ကျွန်တော်လက်ခံနိုင်ပါတယ်။ ဒါပေမယ့် သူ့ဖက်ကတောင်းဆိုတာ နောက်ထပ်ရှိပါသေးတယ်။ သူ တောင်းဆိုတာက ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့က သတို့သမီးဝတ်စုံလဲခန်းထဲကနေ သူ့ကို ပွေ့ချီပြီးခေါ်ထုတ်ခဲ့သလို ပြန်သရုပ်ဆောင်ပေးဖို့ပါပဲ။ အဲဒီတစ်လအတွင်းမှာ နေ့တိုင်းနေ့တိုင်း ကျွန်တော်တို့ အခန်းထဲကနေ အိမ်ရှေ့တံခါးထိ သူ့ကိုပွေ့ချီပြီး ခေါ်ထုတ်ဖို့ပါပဲ။ ကျွန်တော် ထင်လိုက်တာကတော့ သူရူးနေပြီဆိုတာပါပဲ။ ကျွန်တော့်တို့ရဲ့ နောက်ဆုံး လတစ်လကို အတူတူသည်းခံမှာပဲလေ ဆိုပြီးတော့ ဒီတောင်းဆိုချက်ကိုလည်း ကျွန်တော် လက်ခံလိုက်ပါတယ်။

ဂျိန်းကို ကျွန်တော့်ဇနီးရဲ့ တောင်းဆိုချက်တွေကို ပြောပြလိုက်တယ်။ ဂျိန်းက အော်ရယ်ပြီး တော်တော် ကို့ရိုးကားယားနိုင်တာပဲ လို့ပြောပါတယ်။ ကျွန်တော့်ဇနီး ဘာလှည့်ကွက်တွေပဲ လုပ်နေလုပ်နေ ဒီကွာရှင်း မှုကို ရင်ဆိုင်မှာပဲလို့ အရေးမစိုက်သလိုပြောပါတယ်။

ကျွန်တော်ရော ကျွန်တော့်ဇနီးရော ကွာရှင်းမှုမလုပ်ရသေးသ၍ ဘယ်သူ့ကိုမှ အဆက်အသွယ် သိပ်မလုပ်တော့ပါဘူး။ ပထမဆုံး သူ့ကို အခန်းထဲက ပွေ့ချီပြီးခေါ်ထုတ်ရမယ့်နေ့မှာ ကျွန်တော်တို့ နှစ်ယောက်လုံး အချိုးမပြေတဲ့ပုံစံပေါက်နေပါတယ်။ သားကတော့ ကျွန်တော့်တို့ နောက်ကနေ ဖေ့ဖေ့ကမေမေ့ကို ပွေ့ထားတယ်ကွဆိုပြီး လက်ခုပ်တွေတီးနေပါတော့တယ်။ သားရဲ့ စကားလုံးတွေက ကျွန်တော့်ကို နာကျင်စေပါတယ်။ အိပ်ခန်းထဲကနေထွက်တယ်၊ ဧည့်ခန်းကိုဖြတ်တယ်၊ ပြီးတော့ တံခါးဆီကိုသွားတယ်။ သူ့ကို ပွေ့ချီပြီး ဆယ်မီတာလောက် ကျွန်တော် လမ်းလျှောက်ခဲ့ပါတယ်။ သူကတော့ မျက်လုံးတွေမှိတ်ထားပြီး ကွာရှင်းမယ့်အကြောင်း သားလေးကို မပြောဖို့ တိုးတိုးလေး ကျွန်တော့်ကို ပြောနေပါတယ်။ ကျွန်တော့်ခေါင်းငိုက်စိုက်ကျသွားပြီး တစ်စုံတစ်ခုကို စိတ်ပျက်သလို ခံစားရပါတယ်။ အိမ်ပြင်ရောက်တော့ သူ့ကိုအောက်ချပေးလိုက်ပါတယ်။ သူက အလုပ်သွားဖို့ ဘတ်စ်ကားမှတ်တိုင်ဆီ လမ်းလျှောက်သွားပါတယ်။ ကျွန်တော်ကတော့ ရုံးကို ကားမောင်းလာခဲ့ပါတယ်။

 

ဒုတိယနေ့မှာတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး သရုပ်ဆောင်ရတာ ပိုလွယ်လာပါပြီ။ သူက ကျွန်တော့ ရင်အုံပေါ်မှာ မှီထားပါတယ်။ သူ့ရဲ့ ဘလောက်စ်အကျီင်္က ရနံ့လေးတွေတောင် ကျွန်တော် ရနေခဲ့ပါတယ်။ ကျွန်တော်ဒီမိန်းမကို သေချာမကြည့်ဖြစ်တာ တော်တော်တောင် ကြာနေပြီ ဆိုတာလည်း သတိထားမိတယ်။ ထပ်ပြီးသတိထားမိတော့တာကတော့ သူ မငယ်တော့ဘူး ဆိုတာပါပဲ။ သူ့ရဲ့မျက်နှာ ပေါ်မှာ အရေးအကြောင်းတွေ တွေ့နေရပါပြီ။ သူ့ဆံပင်ကလည်း ခပ်မွဲမွဲဖြစ်နေပါပြီ။ ကျွန်တော်တို့ရဲ့ အိမ်ထောင်သည်ဘဝက သူ့ကို ဒါမျိုးဖြစ်စေတာလားဆိုတာ ကျွန်တော်စဉ်းစားနေမိပါတော့တယ်။

စတုတ္ထမြောက်နေ့မှာတော့ သူ့ကိုစပြီး ပွေ့ချီလိုက်ချိန်မှာပဲ ရင်းနှီးတဲ့စိတ်ခံစားမှုတစ်ခု ပြန်ရလိုက်ပါတယ်။ ဒီမိန်းမဟာ သူ့ဘဝရဲ့ ဆယ်နှစ်တာကာလကို ကျွန်တော့်ကို ပေးခဲ့တာပဲ။ ပဥ္စမမြောက်နေ့နဲ့ ဆဌမမြောက်နေ့မှာလည်း ကျွန်တော်တို့ ကြားထဲက ရင်းနှီးမှုဟာ ပိုမိုကြီးမားလာခဲ့တာကို ခံစားရပါတယ်။ ဒီအကြောင်းတွေကိုတော့ ကျွန်တော် ဂျိန်းကို မပြောဖြစ်ပါဘူး။ သူ့ကို ပွေ့ချီပြီးလမ်းလျှောက်ရတာ တစ်နေ့ထက်တစ်နေ့ ပိုမို ပေါ့ပါးလာသလိုခံစားရပါတယ်။ နေ့စဉ်လုပ်နေရတာဆိုတော့ အကျင့်ဖြစ်သွားတယ် ထင်ပါရဲ့။

 

တစ်နေ့မနက်ခင်းမှာတော့ သူဘာဝတ်ရမလဲ ရွေးနေပါတယ်။ ဝတ်စုံ လေးငါးစုံ လဲကြည့်ပြီးတာတောင် သူမကျေနပ်သေးဘူး။ ပြီးတော့ သူသက်ပြင်းပြီးပြောတယ်။
“ငါ့အကျီတွေအားလုံးက ကြီးကုန်ပြီဟယ်”
အဲဒီမှာ ကျွန်တော်သတိထားမိတာက သူတော်တော်ပိန်သွားတယ်ဆိုတာပဲ။ အော်… ဒါကြောင့် သူ့ကို ပွေ့ချီပြီးလမ်းလျှောက်ရတာ တဖြည်းဖြည်းပေါ့လာတာကိုး။

ရုတ်တရက် ဖြတ်အရိုက်ခံရသလို ခံစားလိုက်ရတယ်။ သူဟာ နာကျင်မှုတွေနဲ့ ခါးသီးမှုတွေကို သူ့နှလုံးသား ထဲမှာပဲ သိမ်းထားတာကိုး။ ဘာလုပ်မိမှန်းမသိလိုက်ခင်ပဲ ကျွန်တော် သူ့အနားရောက်သွားပြီး သူ့ခေါင်းကို အသာအယာထိလိုက်မိတယ်။

အဲဒီအချိန်မှာပဲ သားက ဝင်လာပြီး ပြောတယ်။
“ဖေဖေရေ… မေ့မေ့ကို ပွေ့ခေါ်ရမယ့် အချိန်ရောက်ပြီလေ”
သားအတွက်ကတော့ သူ့ဖေဖေက သူ့မေမေကို ပွေ့ပြီးခေါ်ထုတ်တာဟာ သူ့ရဲ့ ဘဝအစိတ်အပိုင်း တစ်ခုလို့ လက်ခံထားပုံရပါတယ်။ ကျွန်တော့်ဇနီးက သားကို လက်ယပ်ခေါ်ပြီး ခပ်တင်းတင်းပွေ့ဖက် ထားပါတော့တယ်။ အဲဒီအချိန်မှာ ကျွန်တော်ကတော့ မျက်နှာလွှဲထားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်လေးအတွင်းမှာ ကျွန်တော့်စိတ်ပြောင်းလဲသွားမှာ စိုးလို့ပါပဲ။ အဲဒါပြီးတော့ ကျွန်တော် သူ့ကို ပွေ့ချီလိုက်ပါတယ်၊ ပြီးတော့ အခန်းထဲက လမ်းလျှောက်ထွက်ခဲ့တယ်၊ ဧည့်ခန်းကိုဖြတ်ပြီး အိမ်ရှေ့တံခါးထိ ပေါ့။ သူ့ရဲ့လက်တစ်ဖက်က ကျွန်တော့်လည်ပင်းကို ညင်ညင်သာသာနဲ့ ဘာမှမဖြစ်သလို ပွေ့ဖက်ထားပါတယ်။ ကျွန်တော် သူ့ရဲ့ ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ပွေ့ထားပါတယ်။ ဒါဟာ ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့ နေ့ကအတိုင်း အတိအကျပါပဲ။

ဒါပေမယ့် သူ့ရဲ့ ပိုမိုပေါ့ပါးလာတဲ့ ကိုယ်ခန္ဓာက ကျွန်တော့်ကို ဝမ်းနည်းစေပါတယ်။ နောက်ဆုံးနေ့ရောက်လို့ သူ့ကို ပွေ့လိုက်တဲ့အချိန်မှာတော့ ကျွန်တော်ဟာ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ကို ခက်ခက်ခဲခဲ လှမ်းနေရပါတော့တယ်။ သားကတော့ ကျောင်းသွားပါပြီ။ ကျွန်တော်သူ့ကို တင်းတင်းကြပ်ကြပ်ပွေ့ပြီး ပြောလိုက်တယ်။
“ငါတို့ကြားတဲ့က ရင်းနှီးချစ်ခင်မှုတွေ ပျောက်ပျက်သွားမှာ ငါမလိုချင်တော့ဘူး”
အဲလိုပြောပြီးတော့ ရုံးကို ချက်ချင်းကားမောင်းလာခဲ့တယ်။ ကားထဲက ခပ်မြနြ်မန်ခုန်ထွက်တယ်။ ကားတံခါးတောင် လော့မချမိဘူး။ ဒီအချိန်မှာ နှောင့်နှေးမှုတစ်ခုခုက ကျွန်တော့်စိတ်ကို ပြောင်းလဲသွားမှာ ကျွန်တော် ကြောက်လို့ပါပဲ။ ကျွန်တော် ရုံးအပေါ်ထပ်ကို တက်သွားတယ်။ ဂျိန်းရဲ့အခန်းတံခါးကို ဖွင့်ပြီး ဂျိန်းကို ပြောလိုက်တယ်။
“ဆောရီပါ ဂျိန်းရယ်… ငါမကွာရှင်းတော့ဘူး”

ဂျိန်းက ကျွန်တော့်ကိုအံ့အားတသင့်နဲ့ကြည့်တယ်။ ပြီးတော့ ကျွန်တော့်နဖူးကို စမ်းပြီးမေးတယ်။
“နေကောင်းရဲ့လား”
ကျွန်တော် နဖူးပေါ်က ဂျိန်းရဲ့လက်ကိုဆွဲဖယ်လိုက်ပါတယ်။
“ဆောရီး ဂျိန်း… ငါမကွာရှင်းနိုင်တော့ဘူး” လို့ ကျွန်တော်ပြောလိုက်တယ်။
“ငါ့ရဲ့ အိမ်ထောင်သည်ဘဝဟာ ငါနဲ့ ငါ့ဇနီး တစ်ယောက်ကို တစ်ယောက် မချစ်တော့လို့ ပျင်းစရာ ကောင်းနေတာမဟုတ်ပါဘူးဟာ။ ငါတို့ ဘဝရဲ့ တန်ဖိုးကို ငါတို့ နားမလည်ခဲ့လို့ပါ။ အခုငါသဘောပေါက် သွားပြီ။ သူ့ကို ငါတို့ မင်္ဂဆောင်တဲ့နေ့ကလို အခန်းထဲကနေ ပွေ့ချီပြီး နေ့တိုင်း ခေါ်ထုတ်သွားတော့မယ်။ ငါတို့ သေခွဲခွဲရတဲ့ နေ့အထိပေါ့ဟာ။” လို့ ကျွန်တော်ဆက်ပြောလိုက်တယ်။
ဂျိန်း က ရုတ်တရက် အိပ်ရာကနိုးထလာသူလိုဖြစ်သွားပါတယ်။ ကျွန်တော့်ကို ဖျန်းခနဲရိုက်လိုက်တယ်။ ပြီးတော့ တံခါးကို ဆောင့်ပိတ်သွားပြီး အကြီးအကျယ်ငိုကြွေးနေပါတော့တယ်။ ကျွန်တော် ကတော့ အောက်ထပ်ကို ပြန်ဆင်းလာပြီး ကားလျှောက်မောင်းနေမိပါတော့တယ်။ လမ်းမှာတွေ့တဲ့ ပန်းဆိုင်မှာ ဇနီးသည်အတွက် ပန်းခြင်းတစ်ခြင်း ဝင်မှာခဲ့ပါသေးတယ်။ အရောင်းစာရေးမလေးက ကဒ်ပေါ်မှာ ဘယ်လိုရေးပေးရမလဲ လို့ မေးတော့ ကျွန်တော်ပြုံးပြီးဖြေလိုက်တယ်။
“ငါတို့ မသေမချင်း မင်းကိုနေ့စဉ် အခန်းထဲကနေ ပွေ့ချီပြီး ခေါ်ထုတ်သွားပါ့မယ်” လို့ပေါ့ဗျာ။

အဲဒီညနေ အိမ်ပြန်ရောက်တော့ ကျွန်တော့်လက်ထဲမှာက ပန်းတွေနဲ့ ကျွန်တော့မျက်နှာပေါ်မှာက အပြုံးတွေနဲ့ပေါ့ဗျာ။ လှေကားထစ်တွေကို ကျွန်တော်ပြေးတက်လာတယ်။ ဒါပေမယ့် အဲလို ပြေးတက်လာခဲ့တာဟာ အိပ်ခန်းထဲက သေဆုံးသွားပြီဖြစ်တဲ့ ဇနီးရဲ့ ခန္ဓာကိုယ်ကို ကြည့်ဖို့သက်သက်ဖြစ် လာပါတော့တယ်။ ဟုတ်ပါတယ်။ တကယ်တော့ ဇနီးသည်ဟာ ကင်ဆာရောဂါကို ခံစားနေခဲ့ရတာ လပေါင်းများစွာ ကြာမြင့်နေခဲ့ပါပြီ။ ကျွန်တော်ကသာ အလုပ်တွေများလွန်းလို့ သတိမထားမိခဲ့တာ။ သူကတော့ သူမသေခင်မှာ သားကကျွန်တော့်အပေါ် အဆိုးမြင်သွားမှာ လုံးဝမလိုလားခဲ့ဘူးလေ။ ကျွန်တော်တို့ ကွာရှင်းဖြစ်ခဲ့သည့်တိုင်အောင် သားရဲ့ အမြင်မှာ ကျွန်တော်ဟာ ယောက်ကျားကောင်း တစ်ယောက် ဖြစ်နေစေချင်ခဲ့တယ်။

ကဲ… သင့်ဘဝမှာ ဘာအရေးကြီးလဲ သင်သိလောက်ပါပြီ။ ဘဝမှာ ပျော်ရွှင်မှုတွေ သယ်ယူလာနိုင်တာ ဘာတွေလဲ။ အိမ်ကောင်းကောင်းမဟုတ်ဘူး၊ ကားကောင်းကောင်းမဟုတ်ဘူး၊ ပစ္စည်းဥစ္စာတွေ ပိုက်ဆံတွေ လည်းမဟုတ်ပါဘူး။ အဲဒါတွေက ပတ်ဝန်းကျင်ကို ပျော်စရာဖြစ်အောင်တော့ လုပ်ပေးပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်ကတော့ ပျော်စရာတွေ မပေးစွမ်းနိုင်ပါဘူးလေ။

ဒါကြောင့် သင့်အိမ်ထောင်ဖက်ရဲ့ သူငယ်ချင်းတစ်ယောက်လို ရင်းနှီးခင်မင်မှုလေးတွေ တည်ဆောက်လိုက်ပါ။ သင့်ရဲ့ အိမ်ထောင်သည်ဘဝသာယာနိုင်ပါစေ။

ဒီစာကို သင်ပြန်လည် မမျှဝေလည်း ဘာမှ ဖြစ်သွားမှာ မဟုတ်ပါဘူး။
မျှဝေလိုက်ရင်တော့ သင်ဟာ အိမ်ထောင်သည်ဘဝတစ်ခုကို ကယ်တင်လိုက်နိုင်တာပါပဲ။ ပေးဆပ်လိုက်ရင် ဘာတွေအောင်မြင်နိုင်မလဲဆိုတာ မသိတဲ့ လူတွေပဲ ကျရှုံးကြတာပါ။

(ဒီစာကို Cathy Ygona ဆိုသူရဲ့ FB page မှာ တွေ့ပါတယ်။ ကျွန်တော်ရဲ့ FB သူငယ်ချင်းလဲ မဟုတ်ပါဘူး။ အဲတော့ သူကိုယ်တိုင်ရေးလား သူများရေးတာ ပြန်ရေးတင်တာလားလဲ ကျွန်တော်မသိပါဘူး။ ကျွန်တော်ကတော့ ဒီစာလေးကို ဖတ်မိလို့ ဘာသာပြန်ဖြစ်တာပါ။)

ဘာသာပြန်သူ
ပေါက်ကျိုင်းဆန်း

Add a Comment

Your email address will not be published.