မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် ပိုး ရှိမရှိ စစ်ဆေးဖို့ လူတစ်ဦးကို ကျပ်တစ်သိန်းခွဲ ကုန်ကျ
|မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် ပိုး ရှိမရှိ စစ်ဆေးဖို့ လူတစ်ဦးကို ကျပ်တစ်သိန်းခွဲ ကုန်ကျတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ပြောခွင့်ရအဖွဲ့ဝင် ဒေါက်တာသန်းနိုင်စိုးက ဘီဘီစီကိုပြောပါတယ်။
“တစ်ယောက်ကို မြန်မာငွေနဲ့ဆို တစ်သိန်းခွဲ၊ အမေရိကန်ဒေါ်လာ တစ်ရာကျော်လောက်ကျမယ်။ အဲဒါက သယ်ယူပို့ဆောင်စရိတ်မပါဘူး။ အခု နိုင်ငံတော်က အကုန်လုံး အခမဲ့ ကျခံကုန်ကျပေးနေတာပါ” လို့ သူက ဆက်ပြောပါတယ်။
မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စောင့်ကြည့်လူနာတွေကိုပဲ စစ်ဆေးပေးနေရာကနေ ဧပြီလလယ်ပိုင်းကစလို့ ပိုးတွေ့လူနာနဲ့အနီးကပ်ထိတွေ့သူအားလုံးကို ပိုးရှိမရှိ ဓာတ်ခွဲစမ်းသပ်ပေးနေတာဖြစ်ပါတယ်။
ဒါကြောင့် အစိုးရအနေနဲ့ ရေရှည်မှာ ငွေကြေးတက်နိုင်သူတွေကို ပိုးရှိမရှိစစ်ဆေးမှုမှာစရိတ်မျှပေးတဲ့စနစ် လုပ်ဖို့ရှိမရှိမေးတဲ့အခါ ဒေါက်တာသန်းနိုင်စိုးက ဒါကတော့ မူဝါဒရေးရာပိုင်းဖြစ်လို့ လောလောဆယ် ဖြေကြားဖို့ အဆင်မပြေနိုင်ကြောင်းပြောပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာဖော်ပြချက်အရ ဧပြီ ၂၁ ရက် မနက်အထိ ဓာတ်ခွဲစစ်ဆေးသူပေါင်း ၄,၆၉၂ ဦးရှိထားပါတယ်။ ဒါကြောင့် တစ်ဦးကို ကျပ် တစ်သိန်းခွဲနဲ့ တွက်ရင် အစိုးရက ကျပ်သိန်းပေါင်း ၇ ထောင်ကျော် ကုန်ကျထားပြီးဖြစ်ပါတယ်။
ပုံစာ-ကိုရိုနာဗိုင်းရပ်စ်ကို အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ အဆင့်ဆင့် ဓာတ်ခွဲစမ်းသပ်နေပုံ
ဓာတ်ပုံ-ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန
သတင်း – bbc burmese