မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ကျန်းမာရေး စိုးရိမ်နေရ

ခွဲစိတ်မှုအပြီး ကင်မ်ဂျုံအန်းရဲ့ ကျန်းမာရေး စိုးရိမ်နေရတယ်လို့ အမေရိကန် ထောက်လှမ်းရေး ခန့်မှန်း

ခွဲစိတ်မှုတစ်ခု ခံယူရပြီးတဲ့နောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ကျန်းမာရေး အခြေအနေ စိုးရိမ်နေရတယ်လို့ ယုံကြည်ကြောင်း အမေရိကန် ထောက်လှမ်းရေး အရာရှိ တချို့က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား အရေးကို စောင့်ကြည့်နေတဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိ တစ်ဦးက ကင်မ်ရဲ့ လက်ရှိ အခြေအနေဟာ အသက်လု ကုသမှု ခံယူရတဲ့ထိ ဆိုးရွားကောင်း ဆိုးရွားနေနိုင်တယ်လို့ ခန့်မှန်း မှတ်ချက် ပေးသွားပါတယ်။ ကင်မ်ဟာ ဧပြီလ ၁၅ ရက်က သူ့ရဲ့ အဖိုးဖြစ်သူ နိုင်ငံထူထောင်သူ ကင်မ်အီလ်ဆွန်ရဲ့ မွေးနေ့ နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ အဲဒီနေ့ကို မြောက်ကိုရီးယားမှာ နေနတ်မင်းနေ့လို့ သတ်မှတ်ပြီး နိုင်ငံရဲ့ အရေးအပါဆုံး ရုံးပိတ်ရက် တစ်ရက်လည်း ဖြစ်ပါတယ်။

နေနတ်မင်းနေ့ အခမ်းအနားကို အစိုးရ အရာရှိကြီးတွေ တက်ရောက်ပေမယ့် ကင်မ်ကိုယ်တိုင် ရောက်မလာတဲ့နောက် သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ထင်ကြေး အမျိုးမျိုး စတင် ထွက်ပေါ်လာပါတယ်။ နောက်ထပ် အမေရိကန် အရာရှိ တစ်ဦးက ကင်မ်မှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ဖြစ်နေတယ်ဆိုတာ ရာနှုန်းပြည့်နီးပါး သေချာကြောင်း၊ ဒါပေမဲ့ ဘယ်လောက် အခြေအနေ ပြင်းထန်သလဲ ဆိုတာကိုတော့ ဆန်းစစ်ကြည့်ဖို့ ခက်နေကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ သတင်းတွေကို အလေးပေး ရေးသားလေ့ရှိတဲ့ တောင်ကိုရီးယား အွန်လိုင်းမီဒီယာ Daily NKကတော့ ကင်မ်ဟာ ဧပြီ ၁၂ ရက်မှာ နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်မှုတစ်ခု ခံယူခဲ့ရကြောင်း ဖော်ပြထားပါတယ်။ ကင်မ်ဟာ အလွန်အကျွံ ဆေးလိပ်သောက်တာ၊ အဝလွန်တာ၊ ပြီးတော့ အလုပ်ဖိစီးလွန်းတာတွေကြောင့် အခုလို ခွဲစိတ်ကုသမှုမျိုး လိုအပ်လာတာလို့လည်း Daily NKက ဆိုပါတယ်။ လတ်တလောမှာတော့ ကင်မ်ဟာ ဟွမ်ဆန်းမှာရှိတဲ့ အိမ်ကြီးတစ်ဆောင်မှာ အနားယူနေရတယ်လို့လည်း အဲဒီမီဒီယာက ဖော်ပြထားပါတယ်။

အရင်ကတည်းက ပြည်တွင်းရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာမှုအပြည့် ထုတ်ပြန်တာမျိုး သိပ်မရှိတဲ့ မြောက်ကိုရီးယား အစိုးရကတော့ ကင်မ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲပါ။ အမေရိကန် ထောက်လှမ်းရေးတွေကလည်း မြောက်ကိုရီးယားကနေ သတင်းအချက်အလက်တွေ ရရှိဖို့ ဆိုတာဟာ အခက်ခဲဆုံး စိန်ခေါ်မှု တစ်ခုဖြစ်ကြောင်း ဝန်ခံထားပါတယ်။

ကင်မ်ဟာ ဧပြီ ၁၁ ရက်က လူမြင်ကွင်းရှေ့ နောက်ဆုံး ထွက်ပေါ်ခဲ့ကြောင်း အစိုးရ မီဒီယာတွေရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။ ကင်မ်ဟာ ၂၀၁၄ တုန်းကလည်း လူမြင်ကွင်းကနေ တစ်လလောက် ပျောက်ကွယ်နေခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း သူ့ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ ထင်ကြေး ကောလာဟလတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ဖူးပါတယ်။

Crd&DayTv

Add a Comment

Your email address will not be published. Required fields are marked *